ပုသိမ်ခရိုင်

March 25, 2021

ပုသိမ်ခရိုင် အနိုင်ရ NLD ကိုယ်စားလှယ်များကို ရွေးကောက်ပွဲအသုံးစရိတ် ပြန်ထုတ်ရန် အကြောင်းကြား

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းမှာ ၂၀၂၀ အထွေထွေးရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲဝင်ခွင့် အာမခံ ငွေပြန်လာထုတ်ဖို့ ကော်မရှင်ကနေ အကြောင်းကြားတာတွေ ရှိလာတယ်လို့ ကိုယ်စားလှယ်တွေဆီက သိရပါတယ်။

ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ၃ သိန်းကျပ် ပြန်လာထုတ်ယူဖို့ ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၂၃ ရက်နေ့ ရက်စွဲပါစာနဲ့ အကြောင်းကြားလာတာလို့ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးကပြောပါတယ်။

"ဒါက သိသာပါတယ်၊ ခုလိုချိန်မျိုးမှာ သွားထုတ်တာနဲ့ ဖမ်းမယ်ဆိုတာ ကလေးတောင် သိပါတယ်။ ဖမ်းဖို့လည်း ခုလိုအကြောင်းကြား ခေါ်တာလို့ ထင်ပါတယ်။ ကျနော်တို့ကတော့ မထုတ်တော့ဘူး''လို့ ပြောပါတယ်။

စစ်တပ်ရဲ့ မတရား တရားစွဲခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အဖမ်းမခံဘဲ ရှောင်တိမ်းနေတာတွေကြောင့် ခုလိုမျိုး စာထုတ် ပြီးခေါ်ယူတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ရဲ့အာဏာသိမ်းအပြီးမှာ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပြီး တရားစွဲဆိုတာတွေလည်း ပြုလုပ်ထားတာပါ။

အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို အာမခံငွေ ၃ သိန်း ပြန်လာထုတ်ဖို့ အကြောင်းကြားစာမှာတော့ မတ်လ ၃၀ ရက်နေ့ နောက်ဆုံးလာထုတ်ဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

1 month Ago

January 1, 2021

ပုသိမ်ခရိုင်၌ တောဆင်ရိုင်းများ ကျေးရွာအတွင်း ဝင်ရောက်နှောင့်ယှက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်ကစတင်ကာ တောဆင်ရိုင်းဝင်ရောက်နှောင့်ယှက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းက ကားလမ်းမဘေးက ကျေးရွာတွေကို တောဆင်ရိုင်း တွေ ဝင်ရောက်နှောင့်ယှက်လို့ ကွန်ဂျီဆင်တွေနဲ့ ပြန်မောင်းထုတ်နေရတယ်လို့ တင်းချောင်းကျေးရွာနေ ကမ္ဘာ့တောဆင်ထိန်းသိမ်း ကာကွယ်ရေးဆုတံဆိပ်ရ ဦးကျော်မြင့်ထွန်းက ပြောပါတယ်။ “စွယ်စုံဆင်ကြီးပါ မုဆိုးတွေသတ်မယ့်အန္တရာယ်ရှိနေလို့ သူတို့သဘာ၀အရ သိလို့ သူ့ကို အကာအကွယ်ပေးနိုင်မယ့် လူအများရှိတဲ့ရွာတွေအနားကပ်လာတာပါ။ လူကိုအန္တရာယ်ပြုတာ မရှိဘူး။ စိုက်ခင်းတွေစားတာမျိုးတော့ရှိတယ်။ နောက်တစ်ကောင်ကတော့ ငွေဆောင်ဘက်မှာပါ။ သူကတော့ ဆိုးတယ်"။ ဒါပြင် ပုသိမ်ခရိုင်၊ ငွေဆောင် - ပုသိမ် ကားလမ်း ဘေးက ကျေးရွာတွေမှာ ဆင်ရိုင်း တစ်ကောင် ဝင်ရောက်ပြီး ဖျက်ဆီးတာတွေနဲ့ အန္တရာယ်ပြုတာမျိုးတွေ နင်းသတ်တာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။ ပုသိမ်မြို့နယ် ဆင်အုပ်ကြီး ဦးသိန်းစံက "အရင်က ခုလိုပြုလုပ်တာမျိုးမရှိဘူး။ ခုက သူ့ကို နာကျင်ကြောက်လန့်အောင်လုပ်လိုက်လို့ ခုလိုအခြေအနေဖြစ်နေတာလို့ ယူဆရတယ်။ ဆင်မောင်း အဖွဲ့က ကွန်ဂျီဆင်တစ်ကောင်တောင် သူကိုက်လို့ဒဏ်ရာရထားတယ်။ မောင်းထုတ်ပေမယ့် ပြန်လာတယ်”လို့ ပြောပါတယ်။ ငွေဆောင်ကားလမ်းဘေးရှိ ရေသိုးကျေးရွာအနီး စိုက်ခင်းတွေကို ဝင်လာတဲ့ တောဆင်ရိုင်းဟာ အမြင့်ပေ ၁၀ ပေကျော်ရှိပြီး ဟိုင်းဆင်အမျိုးစား ဖြစ်ကာ ပြီးခဲ့ နှစ်ပတ်က စိုက်ခင်းစောင့်သူ တစ်ယောက်ကို နင်းသတ်ခဲ့သလို ကွန်ဂျီဆင်တွေနဲ့ မောင်းထုတ်ရာမှာလည်း ပြန်ကိုက်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။ ပုသိမ်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်အထိ စာရင်းတွေအရ တောဆင်ရိုင်း နင်းသတ်ခံရလို့ သေဆုံးသူ နှစ်ယောက်ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ကိုထွန်းလေး  
4 months Ago
Up