ပုပ်ပွသေဆုံး

January 21, 2021

မိုင်းတုံမြို့နယ်၌  ပုပ်ပွသေဆုံးနေသည့် လူသေအလောင်း ၂ လောင်းတွေ့ရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူရွာအနီး မိုင်းဟန်ချောင်းစပ်မှာ ဇန်နဝါရီ ၂၀ ရက် ည‌နေပိုင်းက  အသတ်ခံထားရတဲ့လက္ခဏာတွေနဲ့ ပုပ်ပွ သေဆုံးနေတဲ့ လူသေ အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။ အလောင်းတွေကို အိတ်တွေနဲ့ထည့်ကာ စွန့်ပစ်ထားတာဖြစ်ပြီး  သေဆုံးသူတွေကတော့ အမည်မသိ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ဖြစ်ပါတယ်။   အမျိုးသမီးရဲ့  ဦးခေါင်းမှာ ဒဏ်ရာ ၁ ချက်၊ ရင်အုံထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ဗိုက်ထိုးသွင်းဒဏ်ရာ ၂ ချက်စစ်ဆေးတွေ့ရပြီး အမျိုးသားကတော့ ခန္ဓာကိုယ်တစ်ပိုင်းစီ ဖြတ်တောက်ခံထားရကာ ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာ လေးငါးချက် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ နားကောင်းမူ နယ်မြေရဲစခန်းမှ ရဲအုပ်က “သေဆုံးသူတွေက ဘယ်သူလို့ အတည်ပြုလို့ မရအောင် ပုပ်ပွ‌နေပါတယ်။ အလောင်း နှစ်လောင်းကို တစ်နေရာစီခွဲ စွန့်ပစ်ထားပေမဲ့ အသတ်ခံ ထားရတဲ့ လက္ခဏာဖြစ်တဲ့ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ။ လက်ထိပ်တွေလည်း ခတ်ထားတယ်” လို့ ပြောပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ အသက် ၃၀ လောက် ရှိမယ်ခန့်မှန်းရပြီး ဦးခေါင်းနဲ့ ပါးစပ်ကို သံကြိုးနဲ့ ချည်ထားပြီး လက်နှစ်ဖက်မှာလည်း လက်ထိပ်ခတ်ခံထားရပါတယ်။ သေဆုံးသူ အမျိုးသားကတော့ အသက် ၅၀ လောက်ရှိမယ်ခန့်မှန်းထားပြီး အလောင်းဟာ နှစ်ပိုင်းပြတ်နေတဲ့အပြင်  လက်ထိပ်ခတ်ထားတဲ့ အပိုင်းနဲ့  ခါးအောက်ပိုင်းတွေကို အထုပ်နှစ်ထုပ်နဲ့ ခွဲထုတ်စွန့်ပစ်ထားတာဖြစ်တယ်လို့ ရဲစခန်းမှတ်တမ်းအရ သိရပါတယ်။ သီပေါမြို့နယ်၊ နမ့်လန်နယ်မြေမှာ ဇန်နဝါရီ ၁၁ ရက်ကလည်း လူ ၂ ယောက်ကို  အမည်မသိ သေနတ်သမား ၂ ယောက်က   ပစ်ခတ်လုပ်ကြံခဲ့တာကြောင့် တစ်ယောက်သေဆုံးခဲ့ရသလို ၂၀၁၉ ခုနှစ်ကလည်း မိုင်းတုံနယ်မြေ မဲကင်းချောင်းနားမှာ  လူ နှစ်ယောက် သတ်ဖြတ်ခံခဲ့ရဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါ လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ နားကောင်းမူနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပ‌ဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။ သတင်း- ရဲထွဋ်
4 months Ago

March 5, 2020

ငပုတောတွင် တောဆင်ရိုင်း ၁ ကောင်ကို ပုပ်ပွသေဆုံးလျက် တွေ့ရှိ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ထဲက မြစ်တရာကြိုးဝိုင်းအတွင်းမှာ မတ် ၄ ရက်နေ့ နေ့လယ်ပိုင်းက တောဆင်ရိုင်း ၁ ကောင်သေဆုံးနေတာ တွေရှိခဲ့တယ်လို့ တင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောပါတယ်။ "သေနေတဲ့ဆင်က အသက် ၃၈ နှစ်လောက်ရှိတဲ့ ဟိုင်းဆင်ပါ၊ ပြင်ပဒဏ်ရာတွေတော့ မတွေ့ရဘူး၊ အသေးစိတ်ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးနေပါပြီ။" သေဆုံးနေတဲ့ တောဆင်ရိုင်းကို မြစ်တရာသစ်တောကြိုးဝိုင်း အကွက်အမှတ် ၂၈၈ လှည်းဆိပ်ကျေးရွာရဲ့ အနောက်ဘက် ၃ မိုင်အကွာ ဒေသအခေါ် သဲကလေးတောင်ပေါ် စမ်းချောင်းဖျားအနားမှာ သစ်တောဌာန၊ ရဲတပ်ဖွဲ့နဲ့ တောဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်းပြီး တောအတွင်းလှည့်ကင်းဆောင်ရွက်ချိန် တွေ့ရှိခဲ့တာလို့ ပူးပေါင်းအဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။ "ပူးပေါင်းအဖွဲ့က သွားကြည့်တော့ ဆင်က ပုပ်ပွနေပြီ။ သစ်တောဦးစီးဌာနက ဆင်ဆရာဝန်ကတော့ လွန်ခဲ့တဲ့ ၁ ပတ်လောက်က အဆိပ်ရှိတဲ့ အကောင်အကိုက်ခံရလို့ သေဆုံးခဲ့တာလို့ ယူဆတယ်ပြောတယ်၊ ဆင်ကတော့ အထီးပါ။"  အဆိပ်ရှိအကောင် အကိုက်ခံရပြီး သေဆုံးခဲ့တဲ့ တောဆင်ရိုင်းဟာ အသက် ၃၈ နှစ်အရွယ်ဖြစ်ပြီး လုံးပတ် ၁၃ ပေ၊ အလျား ၈ ပေ၊ အမြင့် ၈ ပေရှိတဲ့ ဟိုင်းဆင်ဖြစ်ပြီး ဆင်သေကို မီးရှို့ဖျက်ဆီးဖို့ ငပုတောမြို့နယ်သစ်တောဦးစီးဌာနကို တင်ပြထားတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း တောဆင်ရိုင်း ၄ ကောင် ဆင်မုဆိုးတွေ သတ်တာကို ခံခဲ့ရပြီး တောဆင်ရိုင် ၂ ကောင်ကတော့ ကျန်မာရေးမကောင်းလို့ ဓမ္မတာအတိုင်းသေဆုံးခဲ့တာမျိုး ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up