ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ

January 7, 2021

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပမည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ထပ်မံရွှေ့ဆိုင်း

မြန်မာနိုင်ငံ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ကျင်းပမယ့် မဲခေါင်ခရီးသွား လုပ်ငန်းဖိုရမ်ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး (အမ်တီစီအို)က ထုတ်ပြန်ထားပါတယ်။ "Achieving Balanced Tourism" ခေါင်းစဉ်နဲ့ ဒီဖိုရမ်ကို ပုဂံမှာ ပြီးခဲ့တဲ့ နှစ်ကတည်းက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု အခြေအနေတွေကြောင့် ၂ ကြိမ်ရွှေ့ဆိုင်းခဲ့ရပြီး အခုနှစ် ဖေဖော်ဝါရီမှာ ကျင်းပဖို့ ကြေညာထားခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေနဲ့ ခရီးသွားလာမှု ပိတ်ပင်ကန့်သတ် ချက်တွေ အပါအဝင် လူပေါင်း ၃၀၀ ကျော်လောက် တက်ရောက်ကြမယ့် ဖိုရမ်ကျင်းပမှုဟာ ခုလိုကာလမျိုးမှာ အဆင်ပြေနိုင်မှာ မဟုတ်တဲ့အတွက် အမ်တီစီအိုနဲ့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ဆွေးနွေးညှိနှိုင်မှုတွေအရ လာမယ့် စက်တင်ဘာလကို ထပ်မံပြီးတော့ ရွှေ့ဆိုင်းလိုက် တာလို့ ဆိုပါတယ်။ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးတွေနဲ့ မဲခေါင်ခရီးသွား လုပ်ငန်းဖို ရမ်ကို အဖွဲ့ဝင်နိုင်ငံတွေမှာ အလှည့်ကျကျင်းပနေတာဖြစ်ပြီး ခုလာမယ့် ဖိုရမ်ကတော့ မြန်မာ နိုင်ငံမှာ ကျင်းပဖို့ ဖြစ်လာခဲ့တာပါ။ ပုဂံဒေသဟာ သိပ်မကြာသေးခင်ကမှ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေ သတခုအနေနဲ့  ယူနက်စကိုအဖွဲ့ရဲ့ အသိအမှတ်ပြုရွေးချယ်ခံထားခဲ့ရတာမို့ ခုလိုကျင်းပ ခွင့်ရတာက မြန်မာနိုင်ငံရဲ့ ခရီးသွားပုံရိပ်ကို နိုင်ငံတကာခရီးသွားတွေကြားမှာ မြှင့်တင် နိုင်ဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။
4 months Ago

June 11, 2020

ဌာပနာဖွင့်ဖောက်ခံထားရသည့် ပုဂံဘုရား ၃၃ ဆူအထိတွေ့ရှိ  

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ ဇွန်လ ၁၀ ရက်နေ့အထိ ဌာပနာဖွင့်ဖောက်ခံရတဲ့ စေတီပေါင်းဟာ ၃၃ ဆူအထိ တွေ့ရှိလာရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က စုံစမ်းသိရပါတယ်။ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က “လတ်တလောတော့လည်း မဟုတ်ဘူး။ အရမ်းကြီးလည်း မကြာသေးဘူး။ ကျနော်ထင်တာတော့  အပေါ်ပိုင်းဌာပနာတချို့ပစ္စည်း ရသွားပြီးတော့ အောက်ပိုင်းတွေ ဆက်မလုပ်တာလားလည်း မပြောတတ်ဘူး။ အခုကျန်ခဲ့တာတွေကလည်း တန်ဖိုးရှိ ရွှေထည်ပစ္စည်းလိုဟာမျိုး မဟုတ်ဘူး။ အဲဒီအထဲမှာလည်း ကောက်ရိုးတွေနဲ့ ငှက်သိုက်တို့ မြွေအရေခွံတို့လည်းတွေ့တော့ ဖောက်ပြီး ပစ်ထားတာ သိပ်မကြာလောက်သေးဘူး။  လပိုင်းတွေလောက်ပဲ ရှိမလား၊ သိပ်သေခြာတော့ မသိသေးဘူး” လို့ ပြောပါတယ်။ ပုဂံရှေးဟောင်းဒေသမှာ ဘုရားဌာပနာကွမ်းတောင်တွေ ပေါက်နေကြောင်း ဇွန်လ ၈ ရက်နေ့က ၅ ဆူကို စတင်တွေ့ရှိပြီး နောက် ဇွန် ၉ ရက်မှာ နောက်ထပ်  ၁၄ ဆူ၊ ဇွန် ၁၀ ရက်မှာ  ၁၄ ဆူ ဆက်လက်တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ၃၃ ဆူအထိ ရှိလာကြောင်းသိရပါတယ်။ ပုဂံရှေးဟောင်းသုတေသနအဖွဲ့နဲ့ ပူပေါင်းပြီး စေတီပုထိုးများ စောင့်ရှောက်ရေးကို ကူညီ ပေးနေတဲ့ ပုဂံဒေသ ဧည့်လမ်းညွှန်အသင်းက အလုပ်အမှုဆောင် ကိုမြင့်နိုင်က “တွေ့နေဦးမှာပဲ၊  ရိပ်စားမိသွားပြီဆိုတော့ကာ။  ဒီနေ့တွေ့တဲ့ တစ်ဆူမှာ ရှေးဟောင်းနဲ့ သွားတော့သူယူမသွားဘဲ ကျန်ခဲ့တဲ့ ဌာပနာပစ္စည်းကိုတွေ့တာပဲ။ သူတို့က အုပ်စုလေးနဲ့ လုပ်နေတဲ့သဘော။ ကွမ်းတောက်မှာ အပေါက်သေးလေးဖောက်ပြီး လက်နဲ့ နှိုက်ယူတယ်။  ကြီးတဲ့ပစ္စည်းတွေကြတော့ ချန်ထားခဲ့တယ်။ ထပ်တွေ့ဦးမယ်တော့ ယူဆတယ်” လို့ ပြောပါတယ်။   စေတီတွေ ဌာပနာဖောက်ခံရတဲ့ကိစ္စ  မနေ့က ခရိုင်အဆင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး လုံခြုံရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ ဌာပနာဖောက်ထွင်းခံရတဲ့ ဖြစ်စဉ်အားလုံးကိုလည်း ပုဂံနယ်မြေရဲစခန်းမှာ အမှုဖွင့်ထား တယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က သိရပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ဟာ ၄၃ ကီလိုမီတာလောက် အကျယ်အဝန်းရှိပြီး ဘုရားစေတီပေါင်း ၃၀၀၀ ကျော်လောက်  ရှိတာပါ။ သတင်း- ကိုလင်း(ချောက်)
11 months Ago
Up