ပိုင်တံခွန်

March 2, 2022

ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနှင့် ပိုင်တံခွန်တို့ကို ပြန်လည်လွတ်မြောက်

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီး ထောင်ချခံထားရတဲ့   ထင်ရှားတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနဲ့ ပိုင်တံခွန်တို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း  စစ်ကောင်စီက မတ်လ ၂ ရက်နေ့ ဒီကနေ့ ကြေညာ ပါတယ်။

အနုပညာနဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်   ကျခံရန်ရှိတဲ့ ပြစ်ဒဏ်တွေကို ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီပြန်ကြားရေးလက်အောက်ခံ MRTV ကနေ  ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။     

ဒါရိုက်တာ ဝိုင်းကို စွဲထားတဲ့ အမှုကိုလည်း ပိတ်သိမ်းပေးလိုက်ပြီး၊  ဗျူတီးဘလောဂါ ဝင်းမင်းသန်းကိုတော့ သူကျခံနေရတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅ -က နဲ့ ကျခံနေရတဲ့အမှုကို လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ ကြေညာပါတယ်။

သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၉ ရက်က ဗဟန်းမြို့နယ်က သူတို့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လူမင်းကိုတော့ ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းမှာ စစ်တပ်က စစ်ကားတွေနဲ့လာရောက်ပြီး အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာပါ။

ဒါရိုက်တာ ဝိုင်းကိုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရန်ကုန်မြို့နေအိမ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက ဖမ်းဆီးသွားခဲ့တာပါ။

လူငယ်သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်ကိုတော့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ သူ့ ရဲ့နေအိမ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၈ ရက် မနက်ပိုင်းမှာ  ရဲနဲ့စစ်တပ်က စစ်ကား ၈ စီးနဲ့ ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဗျူးတီးဘလော့ဂါ ဝင်းမင်းသန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၆ ရက်ည ၈ နာရီလောက်က တောင်ကြီးမြို့၊ BH ဟိုတယ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်ကတော့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တာပါ။

လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ အဆိုတော် စောဖိုးခွားနဲ့ သရုပ်ဆောင် ရဲတိုက်တို့ ပါဝင်လာခြင်း မရှိသေးပါဘူး။

11 months Ago

December 28, 2021

ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသား ၁၀၀ စာရင်းတွင် ပိုင်တံခွန် ထိပ်ဆုံးက ရပ်တည် (ရုပ်သံ)

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ရုပ်အချောဆုံး မျက်နှာပိုင်ရှင် အမျိုးသား အယောက် ၁၀၀ စာရင်း (THE 100 MOST HANDSOME FACES of 2021) မှာ အင်းစိန်ထောင်တွင်း အကျဉ်းကျခံနေရတဲ့ မြန်မာမော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်က နံပါတ်တစ် ရရှိသွားပါတယ်။ 

ဒီနှစ်မှာ ကမ္ဘာတဝန်း နာမည်စာရင်းတင်သွင်းထား အယောက် ၂ သိန်းကျော်ထဲကနေ အချောဆုံးမျက်နှာပိုင်ရှင် အယောက် ၁၀၀ စာရင်းကို TC Candler က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ 

ရုပ်အချောဆုံးမျက်နှာပိုင်ရှင် နံပါတ် ၁ ရရှိသွားတဲ့ မော်ဒယ် ပိုင်တံခွန်ဟာ သူ့ရဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့ကပဲ စစ်ကောင်စီက  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ 

ပိုင်တံခွန်ကို ထောင်ဒဏ် ၃ ချမှတ်လိုက်ပြီး နောက်တရက်မှာပဲ ထုတ်ပြန်လိုက်တဲ့ TC Candler နဲ့ အချောဆုံးမျက်နှာပိုင်ရှင် အယောက် ၁၀၀ စာရင်း ဗွီဒီယိုရဲ့ နံပါတ်တစ်နေရာမှာ ပိုင်တံခွန်ရဲ့ မော်ဒယ်ပုံရိပ်တွေနဲ့အတူ နိုင်ငံရေးအကျဉ်းသား ပိုင်တံခွန်ကို အမြန်ဆုံးလွှတ်ပေးပါ ဆိုတဲ့ တောင်းဆိုချက်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ 

တရုတ်နဲ့အာရှတလွှား ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မြန်မာမော်ဒယ် ပိုင်တံခွန်ဟာ TC Candler ရဲ့ ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင်းများ အယောက် ၁၀၀ စာရင်းမှာ ဒုတိယအကြိမ် ပါဝင်တာဖြစ်ပြီး အခုနှစ် ၂၀၂၁ မှာတော့ နံပါတ်တစ်အဖြစ် ရွေးချယ်ဖော်ပြခံရတာပါ။

1 year Ago

မော်ဒယ် ပိုင်တံခွန်နှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အပါအဝင် ထောင်ဒဏ်ချမှတ်ခံရသူ ၄၂၃ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လနီးပါးအကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၇၇ ဦးထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၂၈၂ ဦး လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၄၂၃ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖက်ဒရယ်ဂျာနယ်ရဲ့ အယ်ဒီတာနဲ့ ကဗျာဆရာဖြစ်သူ ကိုအေစိုင်းကေ (ခ) စိုင်းဝင်းအောင်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မယ့်ဝါးခီးကျေးရွာအနီး စစ်ဘေးရှောင်များ ပုန်းခိုရာနေရာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ် ကိုအေစိုင်းကေရဲ့ ဦးခေါင်းကို ကျည်ထိမှန်ကာ ကျဆုံးခဲ့တာလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နဲ့ စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြမှုအတွက် ဧပြီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သရုပ်ဆောင်နဲ့ မော်ဒယ် ပိုင်တံခွန် (ခ) စစ်ကိုပိုင်တို့အား ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလ အတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

1 year Ago
More News
Up