ပလတ်စတစ်အမှိုက်

June 21, 2019

အာဆီယံနိုင်ငံများအနေဖြင့် ပြည်ပမှ အမှိုက်တင်သွင်းခြင်း တားမြစ်ရန် တောင်းဆို

ထိုင်းနိုင်ငံက တက်ကြွလှုပ်ရှားသူတွေဟာ ဇွန်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးရှေ့မှာ ပလတ်စတစ်နဲ့ အီလက်ထရောနစ် အမှိုက်တွေကို ပုံပြီး ဆန္ဒပြခဲ့ကြပါတယ်။ အာဆီယံနိုင်ငံတွေအနေနဲ့ ပြည်ပနိုင်ငံက အမှိုက်တွေ တင်သွင်းတာကို တားမြစ်ဖို့ တောင်းဆိုနေကြတာပါ။ Greenpeace အဖွဲ့ အပါအဝင် တခြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး “အမှိုက်တွေအတွက် နေရာမရှိ” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ အာဆီယံခေါင်းဆောင်တွေ ဘန်ကောက်မြို့ကို ရောက်နေကြပါတယ်။ အမှိုက်တွေကို ပြန်သန့်စင်တဲ့ ကမ္ဘာ့ထိပ်တန်း တရုတ်နိုင်ငံက အမှိုက်တင်သွင်းတာတွေကို ရပ်လိုက်ပြီးတဲ့နောက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီက ပလတ်စတစ်အမှိုက်နဲ့ အီလက်ထရောနစ် အမှိုက်တွေဟာ အရှေ့တောင်အာရှဆီကို တော်တော်များများ ဝင်ရောက်လာခဲ့ပါတယ်။ ဒါ့ကြောင့် တန်ချိန်သန်းချီတဲ့ အမှိုက်တွေဟာ စည်းကမ်းတင်းကျပ်မှုနည်းတဲ့ နိုင်ငံတွေဆီကို ရောက်လာကြပါတယ်။ ဘန်ကောက်မြို့မှာ အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံမှာဖြစ်ပြီး သမုဒ္ဒရာထဲမှာ ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာ အပါအဝင် ဒေသတွင်းကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ လက်ရှိမှာ ကနေဒါနိုင်ငံက အမှိုက်တွေကို မတင်သွင်းဖို့ အင်ဒိုနီးရှားနိုင်ငံက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း ကနေဒါက အမှိုက်တွေကို အလားတူ ငြင်းခဲ့ကြပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ ပလတ်စတစ်အမှိုက် တင်သွင်းတာကို မတားမြစ်ထားပေမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းမှာတော့ အမှိုက်တင်သွင်းတာ တားမြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago

June 19, 2019

အာဆီယံနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ အမှိုက်တင်သွင်းမှု တားမြစ်ရန် တောင်းဆို

အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီက အမှိုက်တင်သွင်းတာကို တားမြစ်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေက ဇွန်လ ၁၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှု အကျပ်အတည်း ဖြေရှင်းရေး အထောက်အကူပြုဖို့ အခုလို တောင်းဆိုလိုက်တာပါ။ အမှိုက်တွေကို ပြန်သန့်စင်တဲ့ ကမ္ဘာ့ထိပ်တန်း တရုတ်နိုင်ငံက အမှိုက်တင်သွင်းတာတွေကို ရပ်လိုက်ပြီးနောက်မှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေဆီက ပလတ်စတစ်အမှိုက်နဲ့ အီလက်ထရောနစ် အမှိုက်တွေဟာ အရှေ့တောင်အာရှဆီကို တော်တော်များများ ဝင်ရောက်လာခဲ့ပါတယ်။ ဒါ့ကြောင့် တန်ချိန်သန်းချီတဲ့ အမှိုက်တွေဟာ စည်းကမ်းတင်းကျပ်မှုနည်းတဲ့ နိုင်ငံတွေဆီကို ရောက်လာကြပါတယ်။ အာဆီယံဒေသတွင်း အကျိုးစီးပွားအတွက် ပလတ်စတစ်အမှိုက်တင်ပို့မှု အားလုံးကို ချက်ချင်းတားမြစ်ဖို့နဲ့ အမှိုက်ကုန်သွယ်ရေးကို တားမြစ်ဖို့ Greenpeace အဖွဲ့နဲ့ ထိုင်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တဖွဲ့တို့က တောင်းဆိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ ဇွန်လ ၂၀ ရက်နေ့မှာ တွေ့ဆုံပြီး သမုဒ္ဒရာထဲမှာ ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာ အပါအဝင် ဒေသတွင်းကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ တရုတ်နိုင်ငံပြီးရင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ပင်လယ်သမုဒ္ဒရာထဲကို ပလတ်စတစ်အမှိုက်တွေ အများဆုံးစွန့်ပစ်တဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေ ဖြစ်ပါတယ်။
2 years Ago
More News
Up