ပရီးမီးယားလိဂ်

February 3, 2021

ဆောက်သမ်တန်အား အညှာအတာမဲ့ကစားခဲ့သည့် ယူနိုက်တက်ကစားများကို ဆိုးလ်ရှား ချီးကျူး

ဆောက်သမ်တန်အသင်းကို အညှာအတာကင်းမဲ့စွာအနိုင်ယူခဲ့တဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ယူနိုက်တက်နည်းပြဆိုးလ်ရှားက ကျေနပ်အားရနေပါတယ်။ 

ဒီပွဲမှာ ဆောက်သမ်တန်အသင်းအတွက် အထမဆုံးအဖြစ်ပွဲချိန်ပြည့်ပွဲထွက်ခွင့်ရတဲ့ ကွင်းလယ်လူ ဂျန်ကီဝစ်ဇ်ဟာ ပွဲအစ ၂ မိနစ်မှာတင် အနီကတ်ထိခဲ့ပါတယ်။ 

ဒီအနီကတ်ဟာ ယူနိုက်တက်အသင်းအတွက် စံချိန်တင်အနိုင်ရလဒ်ထွက်ပေါ်လာစေဖို့ အကြောင်းပြချက်တစ်ခုဖြစ်ခဲ့ပြီး ဆိုးလ်ရှားရဲ့အသင်းသား ၇ ဦးက ပြိုင်ဘက်ကို ၉ ဂိုးသွင်းကာ ပရီးမီးယား လိဂ်သမိုင်းရဲ့ဂိုးအပြတ်ဆုံးနိုင်ပွဲဆိုတဲ့ စံချိန်ကိုလိုက်မီခဲ့ပါတယ်။

ပွဲအပြီးမှာ ဆိုးလ်ရှားက “သူတို့ဟာ တကယ့်ကို အညှာအတာကင်းမဲ့လွန်းပါတယ်။ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဒီဂီယာနဲ့ တွမ်မီနေးတို့ဟာ သူတို့ဘက်ကအခြမ်းမှာ ဘောလုံးကို ခပ်မြန်မြန်ကစားပြီး ဂိုးတွေသွင်းနိုင်သလောက်ထပ်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ကစားနေတဲ့ပုံက သူတို့ရဲ့  နောက်ဆုံးပွဲလိုပါပဲ။ ကျနော် သဘောအကျဆုံးအရာကတော့ သူတို့ရဲ့ဆာလောင်မှုနဲ့ စိတ်ဓာတ်ကိုပါပဲ။ ဒါ့ကြောင့် သူတို့ပိုကောင်းလာဖို့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ကျနော်တို့ဟာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အသင်းတစ်သင်းအဖြစ် ရှိနေချင်ပါတယ်။ ဒါကို ကစားသမားတွေက အတိအကျလုပ်ပြနိုင်ခဲ့ပါတယ်” လို့ ” လို့ ဆိုးလ်ရှားကပြောပါတယ်။ 

တစ်ခါတစ်ရံမှာတချို့အသင်းတွေဟာ တစ်ယောက်လျော့သွားတဲ့ အသင်းတွေကို ရင်ဆိုင်ရာမှာ ရုန်းကန်လေ့ရှိတတ်ပေမယ် ဂျန်နကီဝစ်ဇ်ရဲ့အနီကတ်က ပွဲကိုပွင့်သွားစေ ခဲ့တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  

“တခါတလေကျနော်တို့ ၁၀ ယောက်ပဲကျန်တဲ့ အသင်းတွေနဲ့ကစားရာမှာ သူတို့ဟာ နောက်မှာပဲနေပြီး ခံစစ်ကို သေချာလုံအောင်ကစားတတ်ပါတယ်။ ကျနော်တို့ဆိုဒ်ချိန်းတာမျိုး၊ ခံစစ်တန်းနောက်ကို ထိုးဖောက်တာမျိုးနဲ့ တခြားကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေလုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ကစားရမယ့်ပုံစံအတိုင်း ကစားနိုင်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ၂ ပွဲပိုကစားပြီး ထိပ်ဆုံးက မန်စီတီးအသင်းနဲ့ ရမှတ်တူအနေအထားကို  ရောက်ရှိလာခဲ့ပါတယ်

3 months Ago

ဝုဗ်နှင့်ပွဲ၌ ဒေးဗစ်လူးဝစ္စ၏ အနီကတ်အတွက် အာဆင်နယ်နည်းပြပေါက်ကွဲ

လီနိုရဲ့အနီကတ်ပြစ်ဒဏ်ကို ဘာမှမပြောလိုပေမယ့် ဒေးဗစ်လူးဝစ္စရဲ့ အနီကတ်ကိုတော့ တော်တော်လေး စိတ်ပျက်မိတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။ 

ဝုဗ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ကစားသမား ၂ ဦး အထုတ်ခံရမှုနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းဟာ အကောင်းဆုံးစတင်နိုင်ခဲ့ကာ နီကိုးလပ်စ်ပေပေရဲ့ ဂိုးကြောင့် ပွဲချိန် ၃၂ မိနစ် မှာတင် ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။ 

ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ အာဆင်နယ်အသင်းအတွက် ကံမကောင်း ခြင်းတွေစတင်ခဲ့ပြီး ပြိုင်ဘက်ကစားသမား ဝီလီယမ်ဂျို့စ်ကို ကစားပုံကြမ်းတမ်းလို့ဆိုကာ ပင်နယ်တီပေးခဲ့ရပါတယ်။ ပင်နယ်တီအပြစ် ဒေးဗစ်လူးဝစ္စဟာလည်း အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီအခြေအနေမှာ လူဝစ္စဟာ ဂျို့စ်ကို ထိရုံလေး ထိခဲ့တယ်ဆိုပေမယ့် တိုက်ရိုက်အနီကတ်အပြခံခဲ့ရတာဟာ သူ့အတွက်ကံဆိုးခဲ့တယ်လို့ပြောရမှာဖြစ်ပြီး ရည်ရွယ်ချက်မပါဘဲ ထိခဲ့တဲ့အပေါ် ပင်နယ်တီပါပေးခဲ့ရတာက အာဆင်နယ်အသင်းအတွက် တော်တော်လေးကို နစ်နာစေခဲ့ပါတယ်။ 

ဒိုင်လူကြီး ခရိတ်ပေါ်ဆန်က သူ့ဆုံး ဖြတ်ကို VAR နဲ့ပြန်လည်စစ်ဆေးကာ အတည်ပြုခဲ့ပြီး ရရှိခဲ့တဲ့ပင်နယ်တီကို ရူဗင်နီဗက်စ်ကကန်သွင်းကာ တစ်ဖက် ၁ ဂိုးစီဖြစ်စေခဲ့ပါတယ်။ 

ဒုတိယပိုင်းပြန်လည်စတင်ပြီး မိနစ်ပိုင်းအကြာမှာ မော်တင်ဟိုက အဝေးကန် ချက်နဲ့ ဝုဗ်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ချေပဂိုးရရှိဖို့ ကြိုးစားလာတဲ့အာဆင် နယ်အသင်းအတွက် ဂိုးသမားလီနိုရဲ့အနီကတ်က အထိနာစေခဲ့ပြီး လီနိုဟာ ဧရိယာအပြင်ထွက်ကာ ဘောလုံးကို ပုပ်ခဲ့တဲ့အတွက် အနီကတ်ပြခံခဲ့ရပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ အာတီတာက “ကျနော်ဒီဖြစ်ရပ်ကို ရှုထောင့် ၅ မျိုးကနေ ၁၀ ခါလောက် ပြန်ကြည့်ပြီးသွားပါပြီ။ ဒါပေမဲ့ ထိမိခဲ့တာမျိုးမတွေ့ပါဘူး။ ဒီကိစ္စကို အယူခံတင်မလားဆိုရင် yes လို့ပဲ ပြောစရာရှိပါတယ်။ ကျနော်မမြင်တဲ့ တခြားရှုထောင့်မျိုးကနေ သူတို့၊ ခင်ဗျားတို့မြင်သလားဆိုတာတော့ မသိပါဘူး။ ဒီလိုမျိုးကြီးမားတဲ့ ဆုံးဖြတ်ချက်တွေဟာ ဒီလိုပဲဖြစ်ပေမယ့် ကျနော်ဘာမှ လုပ်လို့မရတော့ ပါဘူး။ သူတို့ ဒါကို မှန်တယ်လို့ပြောမယ်ဆိုရင် ကျနော်ဘက်က ပြန်တောင်းပန်သွားမှာဖြစ်ပါတယ်။ ကျနော်ပြောချင်တာကတော့ ထိခိုက်မိတာမျိုး မမြင်ခဲ့ဘူးဆိုတာနဲ့ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ဒီလိုဆုံးဖြတ်ချက်ကြီးအတွက် ဒေါသဖြစ်မိတယ်ဆိုတာပါပဲ” လို့ အာတီတာက ပြောပါတယ်။

    လီနိုရဲ့ အနီကဒ်နဲ့ပတ်သတ်ပြီးတော့ အာတီတာကသူ့ရဲ့ဂိုးသမားကို ဝေဖန်ပြောဆိုသွားဖို့ငြင်းဆန်ခဲ့ ကာ “လီနိုက ဒီဆုံးဖြတ်ချက်ကို စက္ကန့်ပိုင်းအတွင်းချမှတ်ခဲ့တယ်လို့ထင်ပါတယ်။ သူကဘောလုံးကိုတားဆီးဖို့ ပဲကြိုးစားခဲ့တာဖြစ်ပြီး ဒီထက်ပိုပြီးလဲ သူတတ်နိုင်မှာမဟုတ်ပါဘူး” လို့အာတီတာက ပြောပါတယ်။

3 months Ago

မန်ယူနိုက်တက်က ဆောက်သမ်တန်ကို ၉ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဆောက်သမ်တန်အသင်းကို ၉ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက် တက်အသင်းဟာ ပရီမီးယားလိဂ်သမိုင်းမှာ အကြီးမားဆုံး ဂိုးပြတ်အနိုင်ရရှိမှုစံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။ 

ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်မှာ ဆောက်သမ်တန်အသင်းဟာ ပွဲအစကတည်းက အခြေအနေမကောင်းခဲ့တာပါ။ သူတို့ရဲ့ ကစားသမား အလက်ဇန်းဒရီဂျန်ကီဝစ်ဇ်ဟာ တွမ်မီနေးကိုအဖျက်ကြမ်းခဲ့လို့ ပွဲအစ ၂ မိနစ်မှာတင် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါ့ကြောင့် ဒီကစားသမားဟာ ၂၀၁၇ စက်တင်ဘာလ စပါးအသင်းရဲ့ ဆာ့ဂျ်အော်ရီယာနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာတင် ထုတ်ခံရတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ 

ဒါ့အပြင် ၂၀၁၀  အောက်တိုဘာလနောက်ပိုင်း အနီကတ်ထိခဲ့တဲ့ အသက်ငယ်ဆုံးကစားသမားဆိုတဲ့ စံချိန်ဆိုးကိုလည်း ရရှိခဲ့ပါတယ်။ 

သူ့မတိုင်ခင် ဝီရှိုင်းယားက အသက် ၁၈ နှစ် ၂၈၈ ရက်နဲ့အနီကတ်ထိခဲ့ကာ ဂျန်ကီဝစ်ဇ်ကတော့ ၁၉ နှစ် ၃၉ ရက်နဲ့ အနီကတ် ထိခဲ့တာပဲဖြစ်ပါတယ်။ 

ပွဲအစကတည်းက တစ်ယောက်အသာရရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာတင် ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သွင်းဂိုးတွေကို ဝမ်ဘစ်ဆာကာ၊ ရက်ဖို့ဒ်၊ ကာဗာနီအပြင်  ဆောက်သမ်တန်ကစားသမား ဂျန်ဘတ်နာရတ်တို့ရဲ့ ကိုယ့်ကိုယ်ကိုယ်သွင်းယူမှုကနေ ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းဟာ ဧည့်သည်ဆောက်သမ်တန်အသင်းအတွက်ပိုပြီး အခြေအနေဆိုးရွားခဲ့ပြီး မာရှယ်က ၂ ဂိုး ထပ်သွင်းသလို၊ တွမ်မီနေးက တစ်ဂိုး၊ ဖာနန်ဒက်စ်နဲ့ ဒန်နီယယ်ဂျိမ်းစ်တို့က တစ်ဂိုးစီထပ်မံသွင်းယူခဲ့ပြီး ဘတ်နာရတ်ဟာလည်း ပွဲပြီးခါနီး ၈၆ မိနစ်မှာ ထပ်မံပြီး အနီကတ်ပြခံခဲ့ရပါတယ်။ 

အင်္ဂါနေ့နိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ၁၉၉၅ ခုနှစ်မှာ တင်ထားတဲ့ လက်စတာစီတီးအသင်းရဲ့ ၉ ဂိုးပြတ်နိုင်ပွဲစံချိန်ကို လိုက်မီခဲ့ပြီလည်းဖြစ်ပါတယ်။ 

လက်စတာဟာ အက်စ်ဝှစ်တောင်းအသင်းကို ၉ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၉ အောက်တိုဘာမှာလည်း ဆောက်သမ်တန်အသင်းကို ဒီရလဒ်နဲ့ပဲ ထပ်မံအနိုင်ယူခဲ့ပြန်ပါတယ်။ 

လက်စတာနဲ့ ယူနိုက်တက်အသင်းတို့ ၉ ဂိုးပြတ် သွင်းယူနိုင်ခဲ့တဲ့ အသင်းဟာ ဆောက်သမ်တန်ပဲဖြစ်နေတာ တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး ယူနိုက်တက်အသင်းအတွက် ၉ ဂိုးကို ကစားသမား ၇ ဦးက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးပြီးနောက် ဒုတိယမြောက်လည်းဖြစ်ပါတယ်။ အင်္ဂါနေ့ရလဒ်ဟာ ဆိုးလ်ရှားရဲ့အသင်းအတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ၆ ဂိုး ဒါမှမဟုတ် ၆ ဂိုးအထက်သွင်းယူနိုင်ခဲ့တဲ့ ဒုတိယပွဲလည်း ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၀-၀၁ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဒီလိုသွင်းဂိုးမျိုးတွေ ၂ ကြိမ်ဆက်တိုက်မြင်ရတဲ့ ပထမဆုံးရာသီလည်း ဖြစ်ပါတယ်။

3 months Ago

January 31, 2021

ချန်ပီယံ ယုံကြည်ချက် ယူနိုက်တက်အသင်းတွင် မရှိဟု ရွိုင်ကိန်း ဝေဖန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ဖို့ ကြောက်လန့်နေကြတယ်လို့ ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက ပြောပါတယ်။ 

ဆိုးလ်ရှားရဲ့အသင်းဟာ စနေနေ့ အာဆင်နယ်နဲ့ပွဲမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းနဲ့ အမှတ် ကွာဟချက်မြင့်တက်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းအဖြစ် ခြေစွမ်းတွေ ဆက်တိုက်ပြသခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။

“ကျနော် ယူနိုက်တက်အသင်းကို ကြည့်ပြီး ခေါင်းကုတ်နေခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ကျနော် စိုးရိမ်နေခဲ့တာက သူတို့မှာ ဒီပွဲကို အနိုင်ယူပစ်လိုက်မယ်ဆိုတဲ့ ယုံကြည်မှုမျိုးအားနည်းနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်အသင်းပါ။ အာဆင်နယ်အသင်းမှာ ကစားသမားတချို့ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါက ဘောလုံးပွဲတစ်ခုကို အနိုင်ရဖို့ အာမခံချက်မဟုတ်ပေမယ့် အနိုင်ရမယ့် အခွင့်အရေးကို အရမယူနိုင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းဖြစ်ပြီး ပွဲတစ်ပွဲကို အနိုင်ရမယ်လို့ ယုံကြည်မှုမရှိနေတာမျိုးကို စဉ်းစားကြည့်စမ်းပါ။ သူတို့မှာ ဒီလိုပြင်းပြမှုမျိုး ရှိမနေခဲ့ပါဘူး။ ရှက်ဖီးလ်နဲ့ပွဲမှာ ခြေချော်ခဲ့တာဟာ ကွင်းထဲမှာ ပရိသတ်တွေ မရှိလို့၊ ပွဲဆက်တွေ များနေလို့ဆိုပြီး ဆင်ခြေပေးလို့ရပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာတော့ အသင်းဟာ အရည်အသွေးပိုင်း ပျောက်ဆုံးနေပြီး အာဆင်နယ်ကို အနိုင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးလည်း ကင်းမဲ့နေရပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် အနည်းဆုံး အာဆင်နယ်ဟာ သရေရလဒ်နဲ့ ထိုက်တန်မှုရှိပါတယ်” လို့ ရွိုင်ကိန်းက ပြောပါတယ်။

ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးနဲ့ ယှဉ်လုနိုင်သလားလို့ မေးခဲ့မယ်ဆိုရင်တောင် အခု ကစားသမားတွေ ပုံစံက ကြောက်ရွံ့နေပြီးတော့ ကျနော်တို့ ဒီလိုယှဉ်ပြိုင်မှုမျိုးအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ တွေးနေပါလိမ့်မယ် လို့လည်း ရွိုင်ကိန်းက ပြောခဲ့ပါတယ်။

ရွိုင်ကိန်းရဲ့ ထောက်ပြပြောဆိုမှုကို သူနဲ့အတူ ပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂျင်မီကာရေဂါကလည်း ထောက်ခံခဲ့ပါတယ်။

လီဗာပူးနဲ့ ဂိုးမရှိ သရေကျခဲ့ကာ ဇယား အောက်ဆုံးက ရှက်ဖီးလ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်း၊ အာတီတာနဲ့ အာဆင်နယ်အသင်းကို ဂိုးမရှိ သရေကျခဲ့ခြင်းတို့ကို ဥပမာပေးဟာ အခုလိုပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ကာရေဂါက “ကျနော်သာ ယူနိုက်တက်ပရိသတ်ဆိုရင် အခုည ပွဲရလဒ်ကို ရှက်ဖီးလ်နဲ့ပွဲ အရှုံးထက်ပိုပြီး ပေါက်ကွဲမိပါလိမ့်မယ်။ ရှက်ဖီးလ်နဲ့ပွဲဟာ အနိုင်ရသင့်တဲ့ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကစားသမားဘဝမှာလည်း ဒီလိုမျိုး မရှုံးသင့်တဲ့ပွဲတွေမှာ ရှုံးနိမ့်ရတာမျိုး ကြုံပါတယ်။ ယူနိုက်တက်အသင်းဟာ သူတို့ရဲဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို အခုချိန်အထိ ယုံကြည်မှု မရှိသေးသလိုပါပဲ” လို့လည်း ပြောပါတယ်။

3 months Ago
More News
Up