ပန်းချီဆွဲ

October 28, 2018

ဘဝတူ တိရစ္ဆာန်လေးများ၏ ပန်းချီပုံများ စတင်ရေးဆွဲနေသည့် ဝက်ဝံမလေး ယန်းယန်း

ဝါးကိုင်းကို စုပ်တံအဖြစ်အသုံးပြုကာ ပန်းချီဆွဲခြင်းကြောင့် နာမည်ကျော်ကြားလာတဲ့ ပန်ဒါမလေး ယန်းယန်းဟာ လက်ရှိအချိန်မှာတော့ သူ့နဲ့ဘဝတူ တိရစ္ဆာန်လေးတွေရဲ့ ပုံတွေကို စတင်ရေးဆွဲနေပြီလို့ Reuters သတင်းမှာဖော်ပြပါတယ်။ ယန်းယန်းဟာ သြစတြေးလျနိုင်ငံ ဗီယင်နာမြို့မှာရှိတဲ့ Tiergarten Schonbrunn တိရစ္ဆာန်ရုံက ပန်ဒါမလေးဖြစ်ပြီး သူအနားဝန်းကျင်မှာရှိတဲ့ ဝါးကိုင်းတွေနဲ့ပန်းချီဆွဲတတ်တဲ့ အလေ့အကျင့်ကြောင့် အခုနှစ်အစပိုင်းမှာ စတင်ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။ ယန်းယန်းရဲ့ ပန်းချီလက်ရာတွေဟာ သူ့အနီးအနာမှာရှိတဲ့ သစ်ကုလားအုပ် ရေသောက်နေဟန်အပြင် ကြက်တကောင်ရဲ့ ပုံစံနဲ့ ဆင်တူတယ်လို့ သတ္တဗေဒပညာရှင် တဦးဖြစ်သူ အီဗာလင်း ဒန်ဂယ်ကပြောပါတယ်။ ဒါ့အပြင် တခြားပုံတွေဟာလည်း ဆင်၊ ကြိုးကြာငှက်တွေရဲ့ ပုံစုံတွေလို ဖြစ်နေတယ်လို့လည်း တိရစ္ဆာန်ရုံ အမှုထမ်းတွေက ပြောပါတယ်။ ဒန်ဂယ်ရဲ့ လေ့လာမှုအရ ယန်းယန်းရဲ့ ပန်းချီလက်ရာဟာ သူ့ရဲ့တနေ့တာ ခံစားချက်အလိုက် ပြောင်းလဲလျက်ရှိပြီး ယန်းယန်းဟာ တခါတရံမှာ စုတ်တံကို ဖွဖွလေးရေးခြစ်ကာ တခါတရံမှာဆိုရင် ခပ်ကြမ်းကြမ်းရေးခြစ် ချယ်မှုန်းလေ့ရှိတယ်လို့ သိရပါတယ်။ ယန်းယန်းရဲ့ ပန်းချီလက်ရာတွေကို တိရစ္ဆာန်ရုံတွေမှာ ရောက်ရှိနေတဲ့ ပန်ဒါဝက်ဝံတွေ အတွက် ရန်ပုံငွေရှာဖွေရေး စာအုပ်တစ်အုပ်ထုတ်ဝေရန် ငွေကြေးအရင်းအမြစ်တခုအဖြစ် အသုံးချလျက်ရှိကာ လက်ရှိအချိန်မှာလည်း သူ့ရဲ့ပန်းချီလက်ရာတွေအပေါ် ကမ္ဘာတဝန်းလုံးက စိတ်ဝင်စားမှုတွေ မြင့်တက်နေတာကိုကို တွေ့ရပါတယ်။ ယန်းယန်းနဲ့ သူမရဲ့အဖော်ဖြစ်တဲ့ လောင်ဟိုင်တို့ နှစ်ကောင်ဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်က သြစတြေးလျနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီ ၁၅ နှစ်အတွင်းမှာ ရင်သွေး ငါးကောင်ကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယန်းယန်းတို့ စုံတွဲကနေ ၂၀၀၇ ခုနှစ်ကပေါက်ဖွားလာခဲ့တဲ့ ဖူလောင်းဆိုတဲ့ ပန်ဒါဝက်ဝံပေါက်လေးကလည်း လူသားတွေရဲ့ အကူအညီမပါဘဲ ဥရောပတိုက်မှာ ပထမဆုံးအကြိမ် မွေးဖွားလာတဲ့ ပန်ဒါဝက်ဝံလေးအဖြစ် မှတ်တမ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
3 years Ago

September 13, 2018

လက်တု ၂ ဖက်ဖြင့် ပန်းချီစွမ်းရည်ပြနိုင်သူ (သို့) မသန်ပေမယ့် စွမ်းဆောင်နိုင်သူ (ရုပ်သံ)

“ခုနေချိန်မှာ တယောက်ယောက်က ကျနော့်ကို လက်နှစ်ဖက်လုံး အကောင်းအတိုင်း ပြန်ပေးမယ်ဆိုရင်တောင် ကျနော် ပြန်ယူဖြစ်မှာ မဟုတ်ဘူး။” ခုလိုပြောလိုက်သူကတော့ ကိုရီးယားနိုင်ငံသား ဆွတ်ခ်ချန်ဝူးဖြစ်ပြီး သူ့မှာ လက်နှစ်ဖက်စလုံးမရှိဘဲ အတုတပ်ဆင် အသုံးပြုနေရသူပါ။ ဒါပေမယ့် ဘဝကို အရှုံးမပေးဘဲ လက်တုနှစ်ဖက်ရော၊ ခြေထောက်တွေရော ခန္ဓာကိုယ်တခုလုံး အသုံးပြုကာ ပန်းချီအနုပညာစွမ်း ပြနိုင်သူတဦး ဖြစ်နေပါတယ်။ “ကျနော် အရာရာဟာ ဘယ်လိုလဲဆိုတာကို သိနေပါပြီ။ ဒီအနုပညာကို လုပ်ဆောင်ရတာ နှစ်သက်သဘောကျနေပါတယ်။” လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်တုန်းကတော့ ဆွတ်ခ်ချန်ဝူးဟာ လျှပ်စစ်အင်ဂျင်နီယာတယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဗို့အား ၂ သောင်းကျော်အားနဲ့ ဓာတ်လိုက်ခံခဲ့ရပြီးနောက်မှာတော့ သူ့ရဲ့ ဒီအသက်မွေးဝမ်းကျောင်းဟာ ကြာရှည်မခံတော့ဘဲ သေလုမြောပါး ဖြစ်သွားခဲ့ရတာပါ။ ဒီမတော်တဆမှုကြောင့် သူ့ရဲ့ လက်နှစ်ဖက်လုံးနဲ့ ခြေချောင်းလေးနှစ်ချောင်းကို ဖြတ်ပစ်ခဲ့ရပါတယ်။ “ကျနော့်သားဟာ ကျနော် ဒီမတော်တဆမှုမဖြစ်ခင် သီတင်းပတ် ၆ ပတ်လောက်က မွေးဖွားခဲ့တာ။ ကျနော် သူ့အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ တရက်တော့ သူက ကျနော့်ကို ပန်းချီဆွဲပေးဖို့ ပြောလာတယ်။ အဲဒါနဲ့ ကျနော်က ငှက်ပုံတပုံ စဆွဲပေးဖြစ်ခဲ့တယ်။ အဲဒီကတည်းက ကျနော် ပန်းချီဆွဲဖြစ်ဖို့ အစပျိုးခဲ့တာပါပဲ။ အဲဒီတုန်းကတော့ သားကို လုပ်ပေးချင်တာပဲ ကျနော်သိခဲ့တာပါ။” အဲဒီနောက်တော့ တစစနဲ့ ဒါကိုလုပ်ချင်လာခဲ့ပြီး ပထမဆုံး အနုပညာအကယ်ဒမီ တခုဆီ ရောက်ခဲ့ချိန်မှာ သင်ပေးမယ့်ဆရာက သူ တခါမှ ခုလိုလက်နှစ်ဖက်စလုံးမရှိတဲ့ သူတွေကို မသင်ပေးဖူးဘူးလို့ ပြောတာကို ခံခဲ့ရပါတယ်။ လူတွေကလည်း သူ့အနေနဲ့ ဒါကို ဖြစ်အောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြပေမယ့် ဆွတ်ခ်ချန်ဝူးကတော့ ဖြစ်အောင် လုပ်ပြနိုင်ခဲ့တာပါ။ သူဟာ တခြားသူတွေရော ဘယ်လိုကြိုးစားကြသလဲ ဆိုတာတွေကိုလည်း လေ့လာခဲ့ပြီး သင်ပေးမယ့် ဆရာတွေကို သူ ဇွဲမလျှော့ခင်အချိန်ထိ ဆက်ပြီး သင်ကြားပေးဖို့ ပြောဆိုထားခဲ့တယ်လို့ ဆိုပါတယ်။ ခုချိန်မှာတော့ သူဟာ နာမည်ကြီး လူသိများနေခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဆိုချီ မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲမှာလည်း ဖျော်ဖြေခဲ့ရပါသေးတယ်။ မတော်တဆထိခိုက်မှု ကြုံတွေ့ရသူတွေဟာ ဆိုးဝါးတဲ့ အတိတ်တွေကိုပဲ ပြန်တွေးနေခဲ့ကြတာများပြီး တကယ်တော့ လက်ရှိ ပစ္စုပ္ပန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ဆိုင်နိုင်ဖို့နဲ့ အခြေအနေမှန်ကို လက်ခံနိုင်ဖို့ လိုတယ်လို့ ဆွတ်ခ်ချန်ဝူးက ပြောပါတယ်။ “ဒီမတိုင်ခင်က ကျနော် ဘာလုပ်ခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး။ ဒါက အသုံးမဝင်ပါဘူး။ အခုကစ ဘာလုပ်နိုင်မလဲဆိုတာကိုသာ တွေးရပါမယ်။” သူ့အနားမှာ ခုချိန်ထိ အရာရာ မညည်းညူဘဲ ရှိနေပေးတဲ့ ဇနီးဖြစ်သူကိုလည်း ကျေးဇူးတင်နေပြီး တနေ့မှာတော့ ကမ္ဘာအနှံ့ လျှောက်လည်ပြီး အနုပညာစွမ်းရည်တွေလည်း ပြချင်နေသေးတယ်လို့ ဆွတ်ခ်ချန်ဝူးက ပြောပါတယ်။
3 years Ago
Up