ပန်ဆန်း တိုင်းရင်းသား ညီလာခံ

May 7, 2015

မြန်မာပြည်မြောက်ပိုင်း ထိုးစစ်များ ရပ်တန့်ရေး ပန်ဆန်း ညီလာခံတောင်းဆို

မြန်မာပြည် မြောက်ပိုင်းမှာ အစိုးရစစ်တပ်ရဲ့ ထိုးစစ်ဆင်နေမှုတွေကို  ချက်ချင်းရပ်တန့်ဖို့  ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမှာ ကျင်းပတဲ့  တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့  ခေါင်းဆောင်တွေရဲ့ ၆ ရက် ကြာ  ထိပ်သီးအစည်းအဝေးပွဲအပြီး တောင်းဆိုလိုက်ပါတယ်။ မေလ ၆ ရက် ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ သဘောတူညီချက် ၁၂ ချက်ထဲမှာ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ရေးကို အထူးအလေးအနက်ထားကြောင်းနဲ့  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ တဖက်နဲ့ တဖက် ငြိမ်းချမ်းရေး ပျက်ပြားစေတဲ့  လက်ရှိ ကချင်၊ တအာန်း၊ ကိုးကန့်နဲ့  ရခိုင်ဒေသတွေမှာ  မြန်မာ့တပ်မတော်က ပြုလုပ်နေတဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့  အလေးအနက်တောင်းဆိုတယ်လို့ ဖော်ပြပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းဖို့လည်း သဘောတူခဲ့ကြပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ဖို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချူပ်ကို ဦးစွာလုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ အဲဒီစာချူပ်မှာ အပစ်မရပ်သေးတဲ့ တော်လှန်ရေးအဖွဲ့ တွေအားလုံး ပါဝင်သင့်တယ်လို့လည်းဆိုပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေး နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့က ထဲထဲဝင်ဝင်ကြီးကြပ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မူတွေနဲ့ ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေကို အပြင်းအထန် ရှုတ်ချပြီး ထပ်မဖြစ်အောင် ထိန်းချုပ်ဖို့   တောင်းဆိုထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးကို တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့က တညီတညွတ်တည်း တောင်းဆိုသလို စစ်မှန်တဲ့ ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုထဲက ခွဲမထွက်ဘဲ အတူစုပေါင်းနေထိုင်ကြဖို့ သဘောတူကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ Koe-Kant2တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအများစုက  ၀ အမျိုးသားပြည်နယ် အဆင့် တောင်းဆိုတဲ့အပေါ် နားလည်ထောက်ခံကြောင်းနဲ့ သင့်တော်တဲ့အချိန်မှာ ယူဒဗလျူအက်စ်အေ က ဦးဆောင်ပြီး ဆွေးနွေးပွဲတွေ ထပ်မံကျင်းပဖို့လည်း သဘောတူခဲ့ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေဟာ ၀ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော်ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့မှာ မေ ၁ ရက်နေ့ကတည်းက ပြည်တွင်းငြိမ်းချမ်းရေး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ မြန်မာနိုင်ငံ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာပါ။ ဒီညီလာခံမှာ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ တအာင်း ပလောင် လွတ်မြောက်ရေးတပ်မတော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်တပ်မတော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့နဲ့  ၀ပြည်သွေးစည်းညီညွတ်ရေးပါတီတို့က ခေါင်းဆောင်တွေအပါအ၀င် စုစုပေါင်း ကိုယ်စားလှယ် ၆၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
6 years Ago

May 1, 2015

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်ရေး ထောက်ခံကြရန် UWSA ပန်ကြား

ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ဌာနချုပ်မှာ ဒီနေ့စတင်တဲ့ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စညှိနှိုင်းမှုအပြင် ၀ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုရေးကို ထောက်ခံပေးဖို့ UWSA ခေါင်းဆောင် ဦးပေါက်ယိုချမ်းက ပန်ကြားတောင်းဆိုပါတယ်။ အိမ်ရှင်UWSA ရဲ့ စစ်သေနာပတိချုပ် ဦးပေါက်ယိုချမ်းက  ဒီထိပ်သီးအစည်းအဝေးဟာ လက်ရှိပြည်တွင်းရေးငြိမ်းချမ်းရေးကို မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ လို့ အဖွင့်အမှာစကားမှာ ပြောပါတယ်။ တနိုင်ငံလုံးငြိမ်းချမ်းရေးကိစ္စပြသနာတွေကို ညှိနှိုင်းဆွေးနွေးပြီး အမြင်သဘောထားတခု ရယူဖို့နဲ့ ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့နဲ့ နောက်ဆုံးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးစာချုပ်တခု ရေးထိုးနိုင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။ အစိုးရကိုယ်စားလှယ်တွေနဲ့ အန်စီစီတီအကြား ရရှိအကောင်အထည်ဖော်ကြတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အရင်လက်မှတ်ထိုး၊ ဒီနောက်မှ နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်လှမ်းဖို့ သဘောတူထားကြပါတယ်။ မတ်လကုန်ပိုင်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ သဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (မူကြမ်း) Singal Text နဲ့ပတ်သက်လို့ သူက  “တနိုင်ငံလုံးစစ်ရပ်စဲရေးအကောင်အထည်ဖော်ရာမှာ များပြားလှတဲ့ မသေချာ မရေရာမှုတွေနဲ့ တိုက်ပွဲတွေရှိနေဆဲဖြစ်ပြီး စစ်ပွဲမရပ်စဲနိုင်သမျှကာလပတ်လုံး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ စက္ကူပေါ်က စာသားတွေသာဖြစ်တယ်” လို့   ပြောဆိုပါတယ်။ မြန်မာပြည်မှာ ခေတ်အဆက်ဆက် အစိုးရတွေဟာ လူနည်းစုတိုင်းသားတွေရဲ့ သိက္ခာနဲ့ ဂုဏ်သရေကို အလေးထားခြင်းမရှိ၊ နိုင်ငံတော်တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုမရှိခဲ့ဘဲ ကာလရှည်ကြာစွာ နှိမ်နင်းခြင်း ခွဲခြားဆက်ဆံခြင်းရှိနေတယ်လို့ သူက ပြစ်တင်ဝေဖန်ပါတယ်။ UWSA က ပြည်ထောင်စုအစိုးရထံ တင်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့်သတ်မှတ်ပေးဖို့ကိစ္စကို   ထောက်ခံပေးကြဖို့လည်း ဦးပေါက်ယူချမ်းက တောင်းဆိုပြောကြားပါတယ်။ ဦးပေါက်ယူချမ်းဟာ ၀ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီအတွင်းရေးမှူးချုပ်။ ၀ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော်စစ်သေနာပတိချုပ်၊ ၀ပြည်နယ်ပြည်သူ့အစိုးရဥက္ကဌ ဖြစ်ပါတယ်။ ၀ဒေသဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဖြစ်ခဲ့ ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၂ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အပိုဒ် ၅၆ (စ) မှာ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နဲ့ ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး ‘၀’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို ပြည်နယ်(၇)ခု၊ တိုင်းဒေသကြီး(၇)ခုနဲ့ ပြည်ထောင်စုနယ်မြေများနဲ့ ပိုင်းခြားသတ်မှတ်ထားပြီး၊ ပြည်ထောင်စုနယ်မြေအဖြစ် နေပြည်တော်ကို သတ်မှတ်ထားပါတယ်။ ဧရိယာ စတုရန်းကီလိုမီတာ တစ်သောင်းခုနှစ်ထောင်ခန့်ရှိတဲ့ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ခြင်း ရှည်လျားစွာထိတွေ့ထိနေပြီး လူဦးရေ  ခြောက်သိန်းခန့် နေထိုင်သလို  အင်အားသုံးသောင်းခန့်ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ရှိပါတယ်။   တရုတ်ဘာသာ စကားကို ရုံးသုံးသာသာစကားဖြစ်သလို တရုတ်ငွေကြေးကိုသုံးစွဲနေပါတယ်။ ဒီမနက် အစည်းအဝေးကို ရောက်နေတဲ့ သတင်းထောက်တဦးက  အဖွင့်အမှာအစကားအပြီးမှာ ဆွေးနွေးပွဲကို စတင်ရာမှာ ကချင်လွတ်လပ်ရေးအဖွဲ့က စတင်ဆွေးနွေးတယ်လို့ ရှင်းပြပါတယ်။ “ထူးခြားချက်ကတော့ မနက်က ဦးပေါက် (ဦးပေါက်ယူချမ်း) က စကားပြောတယ် အဖွင့်ပေါ့။  ပုံမှန်ပါပဲ။ သူတို့ နှုတ်ဆက်တယ်။ ဒီကနေ့ အဖွဲ့ ၆ ဖွဲ့က ဆွေးနွေးကြတယ်” လို့ ပြောပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို  ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (RCSS/SSA)၊ ကချင်လွတ်လပ်ရေး အဖွဲ့(KIA/KIO)၊  KNU ကရင်အမျိုးသားအစည်းအရုံး၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(PSLF)၊ ရခိုင်တပ်မတော်(AA)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)၊ NDAA မိုင်းလား တပ်ဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီ(NMSP)၊  ၀တပ်ဖွဲ့(UWSA)၊  PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊  ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)တို့ တက်ရောက်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်။ လက်ရှိနိုင်ငံရေးအခြေ အနေ။  တိုက်ပွဲပြင်းထန်တဲ့ ကိုးကန့်ဒေသအပါအ၀င်  တိုက်ပွဲအခြေအ နေတွေအပြင် ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးကြဖွယ်ရှိပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို  မေ ၆ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး မေလ ၃ ရက်နေ့မှာ တရက်တာ ရပ်နားမယ်လို့ သိရပါတယ်။
6 years Ago

ပန်ဆန်း ထိပ်သီးဆွေးနွေးပွဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များရောက်ရှိ

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီးစည်းဝေးပွဲ ကျင်းပမယ့် ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့သို့ သက်ဆိုင်ရာအဖွဲ့ အစည်း ကိုယ်စားပြုခေါင်းဆောင်တွေ ရောက်ရှိလာကြပြီဖြစ်ပါတယ်။ ဒီနေ့ကစပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၀ပြည်သွေး စည်းညီညွတ်ရေး အဖွဲ့အပါ အ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ လက်ရှိနိုင်ငံရေးအခြေအနေ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာဖြစ်ပါတယ်။ မူလက ဆွေးနွေးရက်ကို ၃ ရက်သာ သတ်မှတ်ထားရာက ၆ ရက်ထိ တိုးမြှင့်ဆွေးနွေးဖို့ ပြောင်းလဲလိုက်ကြောင်း ကြားသိရပါတယ်။ ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကတော့   ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (RCSS/SSA)၊ ကချင်လွတ်လပ်ရေး အဖွဲ့(KIA/KIO)၊  KNU ကရင်အမျိုးသားအစည်းအရုံး၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(PSLF)၊ ရခိုင်တပ်မတော်(AA)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)၊ NDAA မိုင်းလား တပ်ဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီ(NMSP)၊  ၀တပ်ဖွဲ့(UWSA)၊  PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊  ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)တို့ ပါဝင်ပါတယ်။ ဆွေးနွေးပွဲတက်ရောက်ဖို့ ပန်ဆန်းကို ရောက်ရှိနေတဲ့  တအာန်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က  “လုံခြုံရေးတွေလည်း ကောင်းကောင်းမွန်မွန်ချထားတာ တွေ့ရပါတယ်။ အိမ်ရှင် ယူဒဗလျူအက်စ်အေ အဖွဲ့ အပါအ၀င်  ဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့လုံး ရောက်ကုန်ပြီလို့ ပြောတယ်ခင်ဗျ။  မကြာခင်မှာ ဖွင့်ပွဲတွေ ကြိုဆိုပွဲတွေ လုပ်ဖို့ပြင်ဆင်နေကြတယ်။” သူတို့အဖွဲ့က  ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျုပ်ကြာ  နဲ့  ပြန်ကြားရေးတာဝန်ခံရော သူပါ ကိုယ်စားလှယ် ၃ ဦး တက်ရောက်ပြီး တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးရေးနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေ ဘယ်လိုယူကြမလဲ။ တိုက်ပွဲတွေ ဖြစ်နေ တဲ့အတွက် တိုင်းရင်းသားတွေ ဘယ်လိုရပ်တည်မလဲ ဆိုတာတွေ မေးမြန်းဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း သူက ဆက်ပြောပါတယ်။ ပန်ဆန်းဆွေးနွေးပွဲဟာ ကေအိုင်အိုဌာနချုပ် လောခီးလာတိုင်းရင်းသားညီလာခံနဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေ လောခီးလာ တိုင်းရင်းသားညီလာခံတို့နဲ့မတူညီဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအ ပေါ်ပေါ်လာတဲ့ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် ပန်ခမ်းမှာ ကျင်းပတာဖြစ်ပါတယ်။ တပ်မတော်ဘက်က ဖိတ်ကြားခြင်းမပြုဖို့ အကြောင်းကြားထားတဲ့ ကိုးကန့်တပ်၊ တအောင်း ပလောင်တပ်နဲ့ ရခိုင်တပ်ဖွဲ့တွေကိုပါ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက ဖိတ်ကြားခဲ့သလို အဆိုပါအဖွဲ့တွေကလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) က သူအပါအ၀င် ကိုယ်စားလှယ် ၃ ဦးတက်ရောက်တယ်လို့  ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ အဖွဲ့က ဦးစီးချုပ် ဦးဖုန်ကြားရှင်၊ ဒုဦးစီးချုပ် ရန်ဝင်ကျူတ် နဲ့ ကျနော်အပါအ၀င် ၃ ဦးလာပါတယ်။ ဆွေးနွေးပွဲပြင်ဆင်မှု အထူးတလည်မရှိပါဘူး။ ဒေသတွင်း အခြေအနေတွေ တင်ပြမယ်။ ကျနော်တို့ ညီအစ်ကို အဖွဲ့အစည်းတွေ ဆွေးနွေးတဲ့အပေါ် မူတည်ပြီးမှ ဆွေးနွေး သွားပါ့မယ်။” ဆွေးနွေးပွဲကနေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်ကြောင်း သူက ဆက်ပြောပါတယ်။ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ အပါအ၀င် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာဖြစ်သလို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် ( တောင်ပိုင်း) အဖွဲ့က လည်း ဗိုလ်မှူးချုပ် စိုင်းယီ၊ ဗိုလ်မှူးကြီး ကွဏ်းစင့်၊ ဗိုလ်မှူး အောင်မြနဲ့ ပြန်ကြားရေးအဖွဲ့ဝင် ၄ ဦး တို့ကို စေလွှတ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဥက္ကဌ ပဒိုနော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲတို့ တက်ရောက်မှာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့က ဥက္ကဋ္ဌ ဦးဇောင်းဟရား၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊  ကချင်လွတ်လပ်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်တို့ က ဦးဆောင်တက်ရောက်ကြမှာဖြစ်ပါတယ်။ အခုထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်ကြမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ အနက် ၉ ဖွဲ့ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) မှာပါဝင်ကြပြီး ၃ ဖွဲ့ကတော့ ပါဝင်ခြင်းမရှိပါဘူး။ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးထဲမှာ အင်အားအကြီးမားဆုံးအဖွဲ့ဖြစ်ပြီး သုံးသောင်း ၀န်းကျင်ရှိတယ်လို့ ခန့်မှန်းပြောဆိုကြသလို ပြည်နယ်အဆင့်ပေးဖို့ တောင်းဆိုထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲကို ယူဒဗလျူအက်စ်အေ ၀တပ်ဖွဲ့က ကမကထပြု ကျင်းပဖို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက  ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ အကြံပြုချက်နဲ့ ကျင်းပတာလို့ ယူဒဗလျူအက်စ်အေ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲကနေ  တနိုင်ငံလုံးအပစ်ခတ်ရပ်လက်မှတ်ရေးထိုးနိုင်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ပေါ်ပေါက်ရေး တွန်းအားတရပ် ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ လစဉ် မိန့်ခွန်းမှာ  ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေး သဘော တူညီချက်ကို ရရှိထားပြီလို့ ထည့်သွင်းပြောကြားခဲ့သလို တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (မူကြမ်း) အဆင့်ကို အချောသတ်သဘောတူညီချက်ရခဲ့ကြပါတယ်။ ဒီဖြစ်ထွန်းမှုပေါ် ဖက်ဒရယ်ပြည်ထောင်စုထူ ထောင်ရေး အတွက် နှစ်ကာလရှည်ကြာလက်နက်စွဲကိုင်တော်လှန်ကြတဲ့အ အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးဖွယ်ရှိနေပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲပြီးတဲ့အခါ အန်စီစီတီအဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေ ညီလာခံတရပ်ကိုလည်း မေလအတွင်း ကျင်းပသွားဖွယ်ရှိပါတယ်။ ပန်ဆန်းညီလာခံကို တက်ရောက်သတင်းယူဖို့ သတင်းမီဒီယာဌာနပေါင်း ၃၇ ဖွဲ့က ကြိုတင် အကြောင်းကြားခဲ့ပေမယ့်လည်း လက်ခံနေရာချထားရေး အခက်အခဲကြောင့် ပြည်တွင်း မီဒီယာ ၈ ခုကိုသာ ခွင့်ပြုနိုင်တယ်လို့  ဦးအောင်မြင့်က ပြောပါတယ်။ အဲဒီ ၈ ခုထဲမှာ ရန်ကုန်အခြေစိုက် ဆင်ဟွာတရုတ်သတင်းဌာန၊ ဆဲဗဲန်းဒေး၊ အလဲဗင်း၊ ဧရာဝတီ၊ ပြည်ထောင်စုနေ့စဉ် စတဲ့ သတင်းဌာနတွေပါရှိပါတယ်။
6 years Ago
More News
Up