ပထမဆုံးကုသ

October 1, 2020

HIV ရောဂါ ပျောက်ကင်းအောင် ပထမဆုံးကုသနိုင်သည့် လူနာ သွေးကင်ဆာဖြင့် သေဆုံး

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV ကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ကမ္ဘာ့ပထမဆုံး လူနာ တင်မိုသီ ရေးဘရောင်းဟာ သွေးကင်ဆာရောဂါနဲ့ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ်မှာ သေဆုံးခဲ့တယ်လို့ သူ့ရဲ့ လက်တွဲဖော်က ပြောပါတယ်။  သွေးကင်ဆာရောဂါကို ငါးလကြာ တိုက်ပွဲဝင်အပြီး ဘရောင်းဟာ သူငယ်ချင်းတွေနဲ့ လက်တွဲဖော်တို့နဲ့အတူ ရှိနေချိန် မွန်းလွဲပိုင်းမှာ သေဆုံးခဲ့တယ်လို့ သူ့ရဲ့ လက်တွဲဖော် တင်မ် ဟုဖ်ဂံက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။  ၁၉၆၆ ခုနှစ်မှာ မွေးခဲ့တဲ့ ဘရောင်းဟာ ၁၉၉၅ မှာ HIV ကူးစက်ခံရပြီး၂၀၀၇ ခုနှစ်မှာ HIV လုံးဝ ကင်းစင်ပြီးတဲ့နောက် ဘာလင်လူနာလို့ လူသိများခဲ့ပါတယ်။  ဒါကြောင့် AIDS  ကူးစက်ကပ်ရောဂါ အဆုံးသတ်ရေးကုထုံးကို ရှာတွေ့ဖို့ မျှော်လင့်ချက်တွေ မြင့်တက်ခဲ့ပါတယ်။  ဒါပေမယ့် ၂၀၀၆ မှာ သွေးကင်ဆာ ဝေဒနာကို ခံစားခဲ့ရပါတယ်။  သြစတြေးလျနိုင်ငံ ဒိုဟာတီတက္ကသိုလ်က HIV အထူးကု နဲ့ IAS အဖွဲ့ ရွေးကောက်ခံ ဥက္ကဋ္ဌ ရှရွန် လေဝင်းကလည်း ဘရောင်းဟာ HIV ကုသရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့ ရပ်တည် ကာကွယ်ပေးသူ ထောက်ပံ့သူလို့လည်း ပြောပါတယ်။  ဆေးကုသခံအပြီးမှာ ဘရောင်းဟာ HIV ကင်းစင်လျက် ဆယ်နှစ်ကျော် နေထိုင်ခဲ့ပြီး မနှစ်က သွေးကင်ဆာ လက္ခဏာတွေ ပြန်ပေါ်လာခဲ့ပါတယ်။ ဒီတကြိမ်မှာ သွေးကင်ဆာဟာ ကျောရိုးနဲ့ ဦးနှောက်ထိ ကူးစက်ခဲ့ပြီလို့ သူ့ ဆရာဝန်တွေက ပြောပါတယ်။  ကမ္ဘာတလွှားမှာ HIV ဗိုင်းရပ်စ် ကူးစက်ခံဦးရေ ၃၇သန်း ကျော်ရှိပြီး ၁၉၈၀ ပြည့်လွန်ကနေ ခုထိ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ AIDS ကြောင့် သေဆုံးသူဦးရေဟာ ၃၅သန်းလောက် ရှိနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  နှစ်၃၀အတွင်း ဆေးဘက် အဆင့်မြင့် တိုးတက်မှုတွေကြောင့် ARV ဆေးနဲ့ ကုထုံးကို သုံးပြီး ကုသတဲ့ HIV လူနာအများအပြားဟာ ဗိုင်းရပ်စ်နဲ့အတူ နှစ်ကြာကြာ အသက်ရှင် နေနိုင်ကြပါတယ်။
9 months Ago
Up