ပတူကောင်

May 6, 2020

အမေရိကန်နှင့် ကနေဒါနယ်စပ်တွင် ပျားတူကောင်များ ပထမဆုံးတွေ့ရှိ 

အာရှဇာတိ သေမင်းတမန် ပျားတူကောင်တွေကို အမေရိကန်နဲ့ ကနေဒါနယ်စပ်မှာ ပထမဆုံး တွေ့ရလို့ စိုးရိမ်နေတယ်လို့ အမေရိကန်ပြည်ထောင်စု၊  ဝါရှင်တန်ပြည်နယ်က စိုက်ပျိုးရေးအရာရှိတွေက မေ ၄ ရက်မှာ ပြောပါတယ်။ အလျား ၂ လက်မခွဲလောက်ထိ ကြီးနိုင်ပြီး ပျားနဲ့တူတဲ့ ပတူကောင်တွေရဲ့ မူရင်းဇာတိဟာ အရှေ့တောင်အာရှ တရုတ်နဲ့ ထိုင်ဝမ်တို့ပါ။ ဒါပေမဲ့ ဝါရှင်တန်ပြည်နယ်မှာ ပတူကောင်ကို အိမ်ရှင် တယောက်က တွေ့ခဲ့တယ်လို့ အင်းဆက်ရေးရာပညာရှင် အဲ့စ်ဗန်အဲရစ်ခ်စပီချီဂါက ပြောပါတယ်။ အာရှ ပတူကြီးမျိုးဟာ အကြိမ်ပေါင်းများစွာ တုပ်နိုင်ပြီး သူတို့ခန္ဓာကိုယ် အရွယ်အစားအတိုင်း အဆိပ်တွေ အများကြီး ထိုးသွင်းနိုင်တယ်။ အဆိပ်က တော်တော်ပြင်းပြီး ရောင်ရမ်းနေတဲ့နေရာ ပတ်လည်မှာ အကွက်လိုက် အသားတွေ ပုပ်ကုန် အရည်ပျော်ကုန်တာ တွေ့ရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ပတူကောင်တွေဟာ လူတွေအတွက်တင် အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ငှက်မွေးမြူရေးလုပ်ငန်းအတွက်ပါ အန္တရာယ်ပဲ။ ပျားရည်ထုတ်တဲ့ ပျားအုံတွေကို နာရီပိုင်းအတွင်း အပြတ်ရှင်း တိုက်ခိုက်နိုင်တယ်လို့လည်း စပီချီဂါက ပြောပါတယ်။ ဒီပတူကောင်တွေ အမေရိကန်ကို ဘယ်လိုရောက်လာတယ်ဆိုတာ သိပ္ပံပညာရှင်တွေ မသိကြပါဘူး။ ဖြစ်နိုင်ခြေကတော့ ဝါရှင်တန်ဆိပ်ကမ်းတွေထဲက တခုမှာ ကျောက်ချတဲ့ ကုန်သင်္ဘောပေါ်မှာ ပါလာတာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ တကယ်လို့ ပတူကို အမေရိကန်နိုင်ငံထဲ တမင်သက်သက် သယ်လာတာဆိုရင် ပြည်ထောင်စု ဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ ပတူအုံကို တွေ့သူ ဘယ်သူမဆို အာဏာပိုင်တွေကို ချက်ချင်း အကြောင်းကြားသင့်တယ်လို့လည်း အင်းဆက်ဗေဒပညာရှင်က ပြောပါတယ်။
1 year Ago
Up