ပစ်ခတ်နှိမ်နင်း

June 17, 2020

နယူးမက္ကဆီကိုပြည်နယ်တွင် ဆန္ဒပြသူများကို ရဲက ပစ်ခတ်နှိမ်နင်း 

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်မှာ ဇွန် ၁၅ ရက်နေ့က ၁၆ ရာစု  စပိန်နယ်မြေသစ် အောင်နိုင်သူတဦးရဲ့ ရုပ်တုကို ဖျက်ဆီးဖို့ကြိုးစားတဲ့ ဆန္ဒပြသူတွေကို့ ရဲက ပစ်ခတ်နှိမ်နင်းရာမှာ လူတစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရပါတယ်။ ဆန္ဒပြသူတွေဟာ အယ်လ်ဘူကွာကေမြို့လယ်က ပြတိုက်တခုအနားမှာ ဆန္ဒပြခဲ့ပြီး ရဲက ပစ်ခတ်နှိမ်နှင်းစဉ် ဒဏ်ရာရသူတဦး ရှိခဲ့တာပါ။ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ လူနာကို ဆေးရုံကို တင်ပို့လိုက်ပြီဖြစ်ပြီး အခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။ ရိုက်တာရဲ့ မေးမြန်းချက်အရ ပစ်ခတ်မှုအသေးစိတ်နဲ့ပတ်သက်တဲ့ တရားဝင် အချက်အလက်တွေ မရသေးဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ်က အီးမေးလ်နဲ့ ပြန်ဖြေထားပါတယ်။ ဒေသခံသတင်းစာတခုကတော့ ဆန္ဒပြသူတွေက ဟွမ်ဒီအိုနာတီ ရုပ်တုကို လှဲချဖျက်ဆီးဖို့ ကြိုးစားစဉ် ရဲနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။  ဇွန် ၁၅ ရက်က  ဆန္ဒပြသူတွေ ဖျက်ဆီးဖို့ ကြိုးစားတဲ့ရုပ်တုဟာ ဒီနေ့ခေတ် နယူးမက္ကဆီကို ပြည်နယ်နေရာကို ကျူးကျော်ပြီး ဒေသခံ ပွေဘလိုလူမျိုးစုကို လူမျိုးတုံး သတ်ဖြတ်ခဲ့တဲ့ စပိန် နယ်မြေသစ်ရှာဖွေသူ အိုနာတီရဲ့ရုပ်တု ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ အဲဒီရုပ်တုကို လာဂျော်နာဒါလို့လည်း ခေါ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
11 months Ago

November 20, 2019

ဟောင်ကောင်တက္ကသိုလ်ထဲ ပိတ်မိနေသူများကို ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ်နှိမ်နင်း  

ဟောင်ကောင်ရဲတွေဟာ တက္ကသိုလ်ထဲမှာ ပိတ်မိရာက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို နှိမ်နင်းဖို့  နိုဝင်ဘာ ၁၈ ရက်က မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရာဘာကျည်ဆန်တွေကို သုံးခဲ့ကြပါတယ်။ အကြမ်းဖက် ထိပ်တိုက်တွေ့ချိန်မှာ တက်ကြွလှုပ်ရှားသူ အတော်များများကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ အဓိကလမ်းတွေကို ပိတ်ထားပြီး တံတားတစင်း မီးလောင်နေတဲ့ ဟောင်ကောင်မှာ ဟောင်ကောင် ပေါ်လီတက်ခ် တက္ကသိုလ်ထဲကနေ ဒါဇင်နဲ့ချီတဲ့ လူတွေက ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ရဲအရာရှိတယောက်လည်း လေးနဲ့ မြားနဲ့ ပစ်ခတ်ခံရလို့ ထိမှန် ဒဏ်ရာရပါတယ်။ သွေးစွန်းတဲ့ နှိမ်နင်းမှု ဖြစ်လာမှာကို စိုးရိမ်ရင်း ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဓာတ်ဆီပုလင်းဗုံးတွေ၊ တခြား အိမ်လုပ်လက်နက်တွေနဲ့အတူ တက္ကသိုလ်ထဲမှာ ခိုအောင်းနေကြပါတယ်။ ဆန္ဒပြသူတွေက မွန်းလွဲပိုင်းမှာ နောက်တချီ ထိုးဖောက်ဖို့ ကြိုးစားပေမယ့် မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။ ဆန္ဒပြသူတွေ လက်နက်ချပြီး ထွက်သွားကြဖို့ ရဲတွေက တိုက်တွန်းနေပါတယ်။  ဗြိတိန် ကိုလိုနီဟောင်း ဟောင်ကောင်ရဲ့ တရားစီရင်ရေးကို တရုတ်ပြည်မကြီး အစိုးရက စွက်ဖက်နေတယ်လို့ ရှုမြင်လို့ ဆန္ဒပြသူတွေက ဒေါသထွက်နေတာပါ။ ရဲတွေက အင်အား အလွန်အကျွံ သုံးတာကို တုံ့ပြန်နေတာလို့လည်း ဆန္ဒပြသူတွေက ပြောခဲ့ကြပါတယ်။
1 year Ago
Up