ပစ်ခတ်ခံရ

October 18, 2021

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဥ် ၁ စီး ပစ်ခတ်ခံရပြီး ဒုဗိုလ် အပါအဝင် ၆ ဦးသေ

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်၊ ဇလုံရွာနားမှာ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီးကို  အောက်တိုဘာ ၁၇ ရက်  မနေ့ညနေက  ကေအန်အယ်လ်အေ တပ်ဖွဲ့ဝင်တွေက  ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က  ဒုဗိုလ်တစ်ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ အရပ်ယာဉ်တစ်စီးကို ကေအန်အယ်လ်အေ ဘီးလင်း တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်   ယာဉ်ပေါ်လိုက်ပါလာတဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းက ဒုဗိုလ် ၁ ဦး၊  အခြားအဆင့် ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဇလုတ်ကျေးရွာသား ဒေသခံ တစ်ဦးက "မနေ့ ညနေပိုင်းလောက်က ပစ်ခတ်သံတွေကြားရတယ်။ ဘယ်လောက်မှ မကြာလိုက်ဘူး။ သေတာ ၆ ဦးလို့ကြားတယ်။ အရာရှိလည်း သေတယ် ကြားတယ်။ သူတို့လူတွေကျလို့ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်ကြားတယ်"လို့ ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကေအန်ယူ တပ်မဟာ ၁ သထုံခရိုင် တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။

ကေအန်ယူ တပ်မဟာ ၁ နယ်မြေအတွင်း စစ်ကောင်စီရဲ့ တပ်နဲ့ ဘီဂျီအက်ဖ်တပ်တွေဟာ နယ်မြေကျူးကျော်ဝင်ရောက်တာ၊ ဒေသခံတွေကိုဖမ်းဆီးပြီး အတင်းအဓမ္မ ခိုင်းစေတာအပြင် လူ့အခွင့်အရေးချိုးဖောက်တာတွေ ပြုလုပ်လာတဲ့အတွက် ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ မိမိနယ်မြေလုံခြုံရေးအတွက် အစွမ်းကုန် ခုခံကာကွယ်သွားမယ်လို့ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောထားပါတယ်။

4 days Ago

October 5, 2021

ရွှေဘိုတွင် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးသူ ၂ ဦး ပစ်ခတ်ခံရ၊ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် သီးလုံးရွာက ပျူစောထီး ခေါင်းဆောင်လို့ နာမည်ကြီးသူ နှစ်ယောက်ကို အောက်တိုဘာလ ၄ ရက် နေ့လယ်ပိုင်းက ရွှေဘို-ရေဦးလမ်းထွက် ဇီးကုန်းလေး ကျေးရွာအနီးက တံတားနားမှာ ခင်ဦးစားချစ်ညို နဲ့ SMATH (သိန်းငှက်) ပူးတွဲအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့်  ၁ ဦး ဒဏ်ရာပြင်းထန်ပြီး ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ပူးတွဲအဖွဲ့ တာဝန်ရှိသူတဦဂက “သူတို့က ပျူစောထီးသင်တန်းဆင်းတွေဖြစ်တဲ့အပြင် ရွာမှာစွဲထားတဲ့ စစ်တပ်နဲ့လည်း အကျွမ်းတဝင် ရင်းရင်းနှီးနှီး အဝင်အထွက်လုပ်နေကြပြီး PDF နဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း ပေးနေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရလို့ ရှင်းလင်းတာဖြစ်တယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရသူနှစ်ဟာ ရွာမှာ ပျူစောထီးအဖွဲ့ဝင်သစ်တွေ ဦးဆောင် စုဆောင်းနေတာလို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုမှာ ဒေါ်နွယ်နီမြင့်က လက်ပြင်ကျည်ထိမှန်ခဲ့ပြီး ကိုကျော်သက်ခိုင်ကတော့ လည်ပင်းဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ခင်ဦးစားချစ်ညိုအဖွဲ့နဲ့ SMATH (သိန်းငှက်) အဖွဲ့တို့ဟာ အများပြည်သူနဲ့ PDF တွေကို ဒုက္ခပေးနိုင်တဲ့ စစ်အုပ်စု ထောက်တိုင်မှန်သမျှကို ဆက်လက်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

2 weeks Ago
More News
Up