ရုရှားနဲ့တရုတ် စစ်သင်္ဘောတွေဟာ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၇ ကနေ ၂၃ ရက်အတွင်း ပူးတွဲကင်းလှည့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက အောက်တိုဘာ ၂၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားနဲ့ တရုတ်အစိုးရတို့ဟာ ဂျပန်ပင်လယ်ထဲမှာ အောက်တိုဘာအစောပိုင်းက ရေတပ်ချင်း စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။
လတ်တလော နှစ်တွေအတွင်း အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး မချိုမြိန်ကြတဲ့ တရုတ်နဲ့ ရုရှား တို့ဟာ သံတမန်ရေးနဲ့ စစ်ရေးဆိုင်ရာ ပိုနီးကပ်တဲ့ ဆက်ဆံရေးတွေကို ပျိုးထောင် တည်ဆောက်ခဲ့ကြပါတယ်။
သူတို့ရဲ့ ရေတပ်လှုပ်ရှားမှုကို ဂျပန်က အနီးကပ် စောင့်ကြည့်နေတဲ့ကြားက ဂျပန်ရဲ့အဓိကနဲ့ မြောက်ပိုင်း ကျွန်းမကြီးဖြစ်တဲ့ ဟော့ခိုင်းဒိုကျွန်းနဲ့ ကုန်းမကြီးကို ပိုင်းခြားထားတဲ့ စုငါ့ရု ရေလက်ကြားကိုဖြတ်ပြီး တရုတ်နဲ့ ရုရှားစစ်သင်္ဘော ဆယ်စီးပါတဲ့အုပ်စု ဖြတ်သန်း ခုတ်မောင်းသွားတယ်လို့ ဂျပန်အစိုးရက ဒီသီတင်းပတ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ကင်းလှည့်ချိန်မှာ စစ်သင်္ဘောအုပ်စုဟာ စုငါ့ရု ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထဲမှာ ပြောပါတယ်။
ဒီရေလက်ကြားဟာ နိုင်ငံတကာ ရေပိုင်နက်ဖြစ်ပြီး ကင်းလှည့်တာဟာ ရုရှားနဲ့ တရုတ် အလံတွေကို သရုပ်ပြဖို့၊ အာရှပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့၊ ၂နိုင်ငံကြား ပင်လယ်ရေကြောင်း စီးပွားရေးလှုပ်ရှားမှုတွေကို စောင့်ရှောက်ဖို့လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။