ပင်လည်ဘူးမြို့နယ်

June 26, 2020

ပင်လည်ဘူးမြို့နယ်တွင် သေနတ်ဒဏ်ရာရ မူးယစ်တရားခံ ထွက်ပြေးလွတ်မြောက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်မှာ   ကျပ်သိန်းပေါင်း ၂၄၀၀၀ နီးပါးရှိ မူးယစ်ဆေးဝါးတွေ စံချိန်တင် ဖမ်းမိမှုမှာ  သေနတ်ဒဏ်ရာရသွားတဲ့  တရားခံတချို့ ထွက်ပြေး လွတ်မြောက်သွားပါတယ်။ ပင်လည်ဘူး-ကောလင်းလမ်း၊ ကျောက်မီးသွေးလမ်းဆုံ မိုင်တိုင်အမှတ် ၈၇/၅ အနီးမှာ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ်မှာ ကျပ်သိန်းပေါင်း ၂၃၈၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။  မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့တို့ ပူးပေါင်းကာ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် အသက် ၂၂ နှစ်အရွယ် ရှောက်ဖျင်ဆိုသူ က ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး သွားမယ့်နေရာအတိအကျ မပြောနိုင်တဲ့အတွက် ခေတ္တထိန်းသိမ်းထားစဉ်မှာ နောက်ထပ် ကြာတယ် (၂၅ နှစ်)နဲ့ ရန်လောက်နင် (၃၄ နှစ်)၊ ရန်ဆင်းလုံ (၃၆ နှစ်) တို့က ဆိုင်ကယ်ကိုယ်စီနဲ့ ထပ်မံရောက်ရှိလာပြီး စစ်ဆေးမေးမြန်းရာ လားရှိုးမြို့ကနေ အတူတူလာတာကို သိရှိရပါတယ်။ စစ်ဆေးနေစဉ် ကောလင်းမြို့ဘက်ကလာတဲ့ MYD 6E-2108 နံပါတ်တပ် SURF အမျိုးအစားယာဉ်ကို စစ်ဆေးဖို့ တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့လို့ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့ပေမဲ့ လွတ်မြောက်သွားပါတယ်။ ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးရာ ပင်လည်ဘူးမြို့ စည်ပင်အမှိုက်ကွင်းမှာ ကားကိုတွေ့ရှိရ ပြီး ကားအတွင်းက အစိမ်းရောင်ဆာလာအိတ် ၈ အိတ်တွေ့ရလို့ ဖွင့်ဖောက်စစ်ဆေးရာ ကာလ တန်ဖိုး ကျပ်သိန်းပေါင်း ၁၇၆၀၀ တန်ဖိုးရှိ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့်ထည့် ရောင်စုံဆပ်ပြာခွက် ၁၇၆၀ ခွက်၊ ၁၇ ဒသမ ၆ ကီလိုဂရမ်နဲ့  ကာတန်ဖိုး ကျပ်သိန်းပေါင်း ၆၂၇၀ တန်ဖိုးရှိ တံဆိပ်မပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅၄၀၀ ပြားတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့ ခေါင်းဆောင် ဦးခင်ဇော်ဝင်းက “မူးယစ်ဆေးကတော့ ဒီနှစ်တွေအတွင်း ပင်လည်ဘူးမြို့နယ်မှာ စံချိန်တင်ဖမ်းမိတာပဲ။ အခုရက်ပိုင်း မမိတဲ့ရက် မရှိဘူး။ မိရင်လည်း အရင်နဲ့ကွာတာက ပိုင်ရှင်နဲ့တကွ လက်ကြီးသမားတွေချည်းများတယ်။ အခုမိထားတဲ့ ၄ ယောက်က ပိုင်ရှင်တွေ။ သေနတ်မှန်တဲ့တစ်ယောက်က မမိ‌သေးဘူး။ သူနဲ့အတူ နောက်တစ်ယောက်လည်း ပါဦးမယ်။ ထွက်ပြေးသူတွေက ကယ်ရီသမား တွေပေါ့။ သူတို့ကို ဖမ်းဆီးရမိရေးလည်း လိုက်လံရှာဖွေနေတာ၊ သတင်းဖြန့်ဝေထားတာတွေ လုပ်ထားတယ်။ သူတို့က ကနန်းဒေသကို ပို့ဖို့ပေါ့။ ပို့တဲ့အခါ ကားသွားမရရင် ဆိုင်ကယ်သမားတွေက ပစ္စည်းတွေကို ဆိုင်ကယ်ပေါ်တင်ပြီးသွားတယ်ပေါ့။ အရင်အမှုတွေနဲ့လည်း ဆက်စပ်မှုတွေ ရှိကောင်းရှိနိုင်တယ်။ သူတို့ပို့မယ့်ရွာ၊ လူကိုလည်း စုံစမ်းနေတယ်။"လို့ ပြောပါတယ်။ လက်ရှိမှာ ထွက်ပြေးနေသူတွေ ဖမ်းဆီးရမိရေး ပိတ်ဆို့စစ်ဆေးနေသလို ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိရေး လုပ်ဆောင်နေပါတယ်။ ဖမ်းဆီးရမိထားသူ ၄ ဦးကိုလည်း ပင်လည်ဘူးမြို့မရဲစခန်းမှာ မူးယစ်(ပ)၉၄/၂၀၂၀၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ တို့နဲ့ အမှုဖွင့်အရေးယူနေပါတယ်။ ပင်လည်ဘူးမြို့နယ်မှာ အခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၉၄ မှုအထိရှိနေပြီး အခုလ ဇွန်လအတွင်း ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ဝန်းကျင်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိထားပါတယ်။
11 months Ago

ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ်သိန်း ၂၃,၈၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ ငွေကျပ်သိန်း ၂၃,၈၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေဟာ ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ကောလင်းသွားကားလမ်း၊ မိုင်တိုင်အမှတ်(၈၇/၅) မှာ ဇွန် ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်က မော်တော်ဆိုင်ကယ် ၄ စီးနဲ့ ရောက်ရှိလာကြတဲ့ ရှောက်ဖျင်၊ ကြာတယ်၊ ရန်လောက်နင်နဲ့ ရန်ဆင်းလုံတို့ ၄ ဦးတို့နဲ့ SURF အမျိုးအစား မော်တော်ယာဉ် ၁ စီးအား ရပ်တန့်ခိုင်းစဉ် SURF ယာည်က မောင်းနှင်ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးခဲ့ပါတယ်။ မော်တော်ယာဉ်အား ပင်လည်ဘူးမြို့ရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိတောထဲမှာ ယာဉ်မောင်းအားမတွေ့ရှိဘဲ ရပ်တန့်ထားတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်အားရှာဖွေရာ ယာဉ်နောက်ခန်းအတွင်း ဆာလာအိတ်များနဲ့ ထည့်ထားတဲ့ ငွေကျပ်သိန်း ၂၃,၈၇၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅,၄၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။ ရှောက်ဖျင်၊ ကြာတယ်၊ ရန်လောက်နင်၊ ရန်ဆင်းလုံတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
11 months Ago

June 20, 2020

ပင်လည်ဘူးမြို့နယ်တွင် ကျပ်သိန်း ၆,၆၀၀ ခန့် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ ငွေကျပ်သိန်း ၆,၅၉၀ တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ဇွန်လ ၁၈ ရက်နေ့ မနက်အစောပိုင်း ၀၀း၂၀ အချိန်က ပင်လည်ဘူးမြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေဟာ ပင်လည်ဘူးမြို့နယ်၊ ကျော်ရွာကြီး-ဘာဟဲကျေးရွာသွားကားလမ်းမှာ  လမ်းလျှောက်လာသူ စိုးထွေးကို စစ်ဆေးရှာဖွေရာ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၁ ဒသမ ၁ ကီလို၊ ဓား ၁ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။ ကွင်းဆက်အရ ပင်လည်ဘူးမြို့နယ်၊ တောင်ဒွန်းကျေးရွာအုပ်စု၊ ကျော်ရွာကြီးကျေးရွာနေ နီတွတ်(ခ)ကျော်စိုးဦးရဲ့ နေအိမ်ကိုသွားရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ ဆာလာအိတ်များနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၅ ဒသမ ၄၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ စိုးထွေး (၂၄-နှစ်)၊ နီတွတ်(ခ)ကျော်စိုးဦး (၂၅-နှစ်)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
11 months Ago
More News
Up