ရုရှားနိုင်ငံမှာ နှာခေါင်းထဲကို ဖျန်းထည့်ရတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စမ်းသပ်နေရာမှာ သမ္မတ ဗလာဒီမီယာပူတင်လည်း ပါဝင် စမ်းသပ်ခဲ့တယ်လို့ နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
ပူတင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုရှားရဲ့ Sputnik ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးဆေးကို ထပ်ပြီးထိုးခဲ့တယ်လို့ ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံရေး ရံပုံငွေအဖွဲ့ (RDIF) ရဲ့ အကြီးအကဲက ပြောပါတယ်။
ရုရှားဟာ လာမယ့်နှစ်မှာ နှာခေါင်းဖြန်း ကာကွယ်ဆေးကို တခြားနိုင်ငံတွေဆီ စတင် ရောင်းချမယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဗိုင်းရပ်စ်ဝင်ရာ အဓိကလမ်းအဖြစ် တွေ့ရှိဖော်ထုတ်ထားတဲ့ နှာခေါင်းကနေ ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ကုသဖို့ ကမ္ဘာတဝန်းက နိုင်ငံတွေက သုတေသနလုပ် ရှာဖွေနေကြတာပါ။
Sputnik ကာကွယ်ဆေးရဲ့ မူလပုံစံက ထိုးဆေး ၂ လုံး ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ဥရောပဆေးဝါးအေဂျင်စီတို့က အတည်ပြု မပေးသေးပါဘူး။ အခု နှာခေါင်းဖြန်း ကိုဗစ် ကာကွယ်ဆေးဟာလည်း ရုရှားမှာ စမ်းသပ်နေဆဲဖြစ်ပါတယ်။