နျူကလီးယား သဘောတူညီချက်

September 21, 2021

နျူကလီးယား သဘောတူညီချက်ကို ပြန်အသက်သွင်းရန် အင်အားကြီးနိုင်ငံများနှင့် အီရန် ဆွေးနွေးရန်ရှိ

ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားဝန်ကြီးတွေဟာ ဒီသီတင်းပတ် နှောင်းပိုင်းမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း အီရန်သမ္မတနဲ့  တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ နှောင့်နှေးနေတဲ့ ဆွေးနွေးပွဲတွေကို အရှိန်အဟုန်သစ်နဲ့ပြန်စဖို့ ကြိုးစားမယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက စက်တင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။

“သဘောတူညီချက်ထဲမှာ အီရန်နဲ့ အမေရိကန် ပြန်ပါလာစေဖို့ ညှိနှိုင်းပွဲတွေကို ပြန်စဖို့ အပြုသဘောဆောင်တဲ့ အရှိန်အဟုန် တချို့ စတင်ရေး ဒီသီတင်းပတ်ထဲမှာ ကျနော်တို့ သေသေချာချာ ကြိုးစားဖို့ လိုမယ်”လို့  ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန် အစိုးရတွေကြား တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲ ဆဋ္ဌမအကျော့ကို ဇွန်လမှာ ရွှေ့ဆိုင်းခဲ့တာပါ။ အီရတ်ခေါင်းဆောင်အီဘရာဟင်မ် ရိုင်စီက သြဂုတ် ၅ ရက်မှာ သမ္မတ ဖြစ်လာခဲ့ပြီးနောက် ဆွေးနွေးပွဲတွေပြန်စဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။ 

2 months Ago

January 12, 2021

အီရန် နျူကလီးယား သဘောတူညီချက် ပြန်လုပ်ဆောင်မည်ဟု ကုလသမဂ္ဂအကြီးအကဲ ပြော

အီရန် နျူကလီးယား သဘောတူညီချက်ကို ပြန်အသက်သွင်းတာကို လာမယ့် သီတင်းပတ်တွေအတွင်း ဖြစ်အောင် လုပ်ရမယ်လို့ ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ အကြီးအကဲ ရာဖှယ်ဂရော့စီက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။ အီရန်ဟာ ယူရေနီယံ ကြွယ်ဝရေးအစီအစဉ်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပြန်စနေပြီး အီရန် လွှတ်တော်ကလည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေအတွက် သွားလာစစ်ဆေးခွင့်ကို ဖေဖော်ဝါရီလထဲမှာ ကန့်သတ်ဖို့ ခြိမ်းခြောက်ထားပါတယ်။ ဂရော့စီက “ကျနော်တို့အတွက် လချီပြီး အချိန်မရှိတော့ဘူးဆိုတာ ရှင်းတယ်။ အချိန် သီတင်းပတ် နည်းနည်းပဲ ရှိတယ်” လို့ ရိုက်တာသတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။ အီရန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီ ချက်ကို ချိုးဖောက်ပြီး ဒီလ အစောပိုင်းမှာ  ဖော်ဒေါင်း မြေအောက် နျူကလီးယားစက်ရုံအတွင်း ယူရေနီယံကို သုံးပြီး နျူကလီးယား စွမ်းအင် ၂၀ ရာခိုင်နှုန်းကို ပြန်စခဲ့ပါတယ်။ အီရန် နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်က ၂၀၁၈ ခုနှစ်မှာ နုတ်ထွက်သွားခဲ့ပေမယ့် ရွေးကောက်ခံ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်မှာ ပြန်သဘောတူဖို့ အားထုတ်နေလို့ အခြေအနေ ရှုပ်ထွေးမယ့် ဖြစ်နိုင်ခြေရှိနေတယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ် ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၀ မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် ဘိုင်ဒင်ရဲ့ အစိုးရဟာ ဒဏ်ခတ်မှုတွေကို ပြန်ရုပ်သိမ်းဖို့ ဖေဖော်ဝါရီ ၂၁ ရက်ထိ အချိန်ရတယ်လို့ အီရန် လွှတ်တော် အမတ်တဦးက ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။
11 months Ago
Up