နော့ဝှစ်ချ်

January 20, 2021

ဘူအန်ဒီကို ခေါ်မည့်ကိစ္စ နော့ဝှစ်ချ်မန်နေဂျာက အာဆင်နယ်ကို သတိပေး ‌

အိုဇေးလ်နေရာမှာ အစားထိုးဖို့အတွက် နော့ဝှစ်ချ် ကွင်းလယ်လူ အီမီလီယာနို ဘူအန်ဒီကို အခု ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ကိစ္စကို မေ့ပစ်လိုက်ဖို့ နော့ဝှစ်ချ်မန်နေဂျာ ဒန်နီယယ်ဖာကီက အာဆင်နယ်အသင်းကို သတိပေးလိုက်ပါတယ်။ အိုဇေးလ်ဟာ ပြီးခဲတဲ့သီတင်းပတ်ကုန်ပိုင်းမှာ တူရကီကို ထွက်ခွာသွားခဲ့ပြီး ဖီနာဘာချီအသင်းကို အပြီးသတ် ပြောင်းရွှေ့ဖို့ကိစ္စကလည်း သေချာသလောက်ရှိနေပါပြီ။  ဒါကြောင့် အာတီတာက အသင်းမှာ လစ်လပ်သွားတဲ့ ဖန်တီးရှင်နေရာကို အစားထိုးဖို့ ကြံရွယ်လာတာဖြစ်ပြီး နော့ဝှစ်ချ် ကွင်းလယ်လူ ဘူအန်ဒီက သူ့ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။  ဘူအန်ဒီဟာ ပြီးခဲ့တဲ့ရာသီ နော့ဝှစ်ချ် ပရီးမီးယားလိဂ်မှာ ရှိနေစဉ် ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ‌နော့ဝှစ်ချ်က သူ့အတွက် ပေါင်သန်း ၄၀ လောက် လိုချင်နေပါတယ်။ လက်ရှိအချိန်မှာ နော့ဝှစ်ချ်အသင်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာကို ၄ မှတ်အသာနဲ့ ရပ်တည်နေပြီး သူတို့အသင်းအတွက် ပရီးမီးယားလိဂ်ကို တန်းတက်နိုင်တဲ့ အခွင့်အရေးကို အလောင်းအစားလုပ်ပြီး ဘူအန်ဒီကို ရောင်းချသွားဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူးလို့ ဖာကီက ပြောပါတယ်။  “ဒီလထဲမှာ ဘူအန်ဒီနဲ့ပတ်သက်ပြီး ဘာမှဖြစ်လာနိုင်စရာ မရှိပါဘူး။ စီးပွားရေးကိစ္စတွေမှာ ခင်ဗျားအနေနဲ့ ဘယ်အရာကိုမှ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝအာမခံလို့ မရဘူးဆိုတာ သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ကျနော် ၉၉ ရာခိုင်နှုန်း အာမခံနိုင်ပါတယ်” လို့ နော့ဝှစ်ချ်မန်နေဂျာက အင်္ဂါနေ့မှာ ပြောပါတယ်။ “ပွင့်ပွင့်လင်းလင်းပြောရရင် အခုချိန် ကျနော်တို့အသင်းကနေ ကစားသမားတွေ ထွက်ခွာဖို့ကိစ္စဟာ အဓိပ္ပာယ်မရှိသလို၊ အသင်းဘက်က ရောင်းချဖို့ဆိုတာလည်း အဓိပ္ပာယ်မရှိပါဘူး။ ကျနော်တို့ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ အခု ဇန်နဝါရီလကုန်ပိုင်းကို ရောက်နေပြီး ဘောလုံးရာသီက နောက် ၄ လကြာရင် ပြီးဆုံးတော့မှာပါ။ ခင်ဗျားကို ကျနော်တို့ထက် ပိုကြီးတဲ့အသင်းတသင်းက လိုချင်နေပြီ ဆိုပါစို့။ ခင်ဗျားက သူတို့အတွက် ရေရှည်ဖြေရှင်းချက်တစ်ခု ဖြစ်ပါတယ်လို့ ပြောရင် အပြောင်းအရွှေ့ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလမှာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အခု လိုနေတာ အောင်မြင်မှုပါ။ ပိုက်ဆံ မဟုတ်ပါဘူး။ ဒါကြောင့် အဓိက ကစားသမားတွေကို ရောင်းပြီးတော့ မစွန့်စားပါဘူး။ ကျနော်တို့က ဘဏ်မဟုတ်သလို၊ ဝင်ငွေကို အမြင့်ဆုံးအထိ ဆွဲတင်ဖို့လုပ်နေတာလည်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ပြီး အောင်မြင်မှုတွေ အမြင့်ဆုံးထိရောက်ဖို့ ပစ်မှတ်ထားနေတာပါ‌။ ကျနော်တို့ ကစားသမားတစ်ယောက်ကို ရောင်းထုတ်လိုက်တာက ပရောဂျက်တစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။ ဒါဟာ အဓိပ္ပါယ်မရှိပါဘူး” လို့လည်း ဖာကီက ဆက်လက်ပြောဆိုပါတယ်။
4 months Ago

September 23, 2020

နော့ဝှစ်ချ် နောက်ခံလူ မက်အာရွန်ကို ခေါ်ယူရန် ဘာစီလိုနာ သဘောတူ

ဘာစီလိုနာအသင်းဟာ နော့ဝှစ်ချ် ညာနောက်ခံလူ မက်အာရွန်ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ အကြိုသဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ Sport မီဒီယာရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အေဂျက်ဇ်နောက်ခံလူ ဆာဂျင်နိုဒက်ကို ခေါ်ယူဖို့ ကြိုးပမ်းမှု အဆင်မပြေဖြစ်ခဲ့ပြီးနောက် နော့ဝှစ်ချ် နောက်ခံလူ မက်အာရွန်ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်ကတည်းက မက်အာရွန်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ဘာစီလိုနာက ကမ်းလှမ်းခဲ့ပေမယ့် နော့ဝှစ်ချ်အသင်းက ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂလန် ယူ-၂၁ လက်ရွေးစင် မက်အာရွန်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ ပွဲ ကစားပေးခဲ့ပါတယ်။ အခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲ ၂ ပွဲမှာလည်း နော့ဝှစ်ချ်အသင်းနဲ့အတူ ပါဝင်ကစားထားပါတယ်။
8 months Ago
More News
Up