နေအိမ် ၁၀၀

July 23, 2021

ဘီးလင်းတွင် လေဆင်နှာမောင်းကြောင့် နေအိမ် ၁၀၀ နီးပါး ပျက်စီး၊ အကူအညီ လိုအပ်နေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စုမှာ ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဘီးလင်းမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။

လေဆင်ဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဇုတ်သုတ်ကျေးရွာနဲ့ အနိုင်းပွန်းကျေးရွာအတွင်းရှိ နေအိမ်အလုံး ၂၀ ပြိုကျ ပျက်စီးခဲ့ပြီး၊ အမိုးအလန်ပြီး ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့တဲ့ အိမ်ခြေ ၈၀ နီးပါး ရှိပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူသေဆုံးတာ မရှိပေမယ့် ထိခိုက်ပွန်းပဲ့ ဒဏ်ရာရရှိသူ ၁၀ ဦးထက် မနည်းရှိခဲ့ပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် ပြည်သူ ရာချီရှိနေပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လေဘေးသင့်ပြည်သူတွေအတွက် ဇုတ်သုတ်ကျေးရွာ အထက်တန်းကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာတော့ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေက ရှင်းလင်းပေးနေပါတယ်။

3 months Ago
Up