နေအိမ်မီးလောင်

September 19, 2021

ဟားခါးတွင် ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံးမီးလောင်၊ ၃ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ညဦးပိုင်းက မြို့ပေါ်ရပ်ကွက်တခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေ ထွက်ပေါ်လာကာ နေအိမ်တလုံး မီးလောင်ခဲ့ပါတယ်။ 

ပစ်ခတ်မှုကြောင့် အရွယ်မရောက်သေးသူတွေအပါအဝင် အနည်းဆုံး သုံးဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံ သတင်းမီဒီယာတခုက ဖော်ပြထားပြီး အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ 

မနေ့ နေ့လယ်ပိုင်းကလည်း ဟားခါးနဲ့မဝေးလှတဲ့ ထန်တလန်မြို့မှာ စစ်တပ်ကလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် နေအိမ် ၁၉ လုံး မီးလောင်ခဲ့တယ်လို့ ချင်းသတင်းဌာနတွေက အတည်ပြုပါတယ်။ မနေ့က ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတဲ့  သင်းအုပ်ဆရာ ပါစတာရဲ့ ဘယ်ဘက် လက်သန်းကြွယ်မှာ ဝတ်ဆင်ထားတဲ့ လက်စွပ်ကိုလည်း လက်ချောင်းဖြတ်ပြီး ယူသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထန်တလန်နှင့် ဟားခါးမြို့တွေကို အ‌မြှောက်နဲ့ ထုတာတွေရှိတယ်လို့လည်း သိရပါတယ်။

3 months Ago

November 22, 2020

ပုသိမ်မြို့တွင် မုန့်စိမ်းပေါင်း ပေါင်းရာမှ နေအိမ်မီးလောင်မှု ဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပပဝတီရပ်ကွက် ၈ လမ်းမှာ နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၃ နာရီ ၄၀မိနစ်လောက်က နေအိမ်တလုံး မုန့်စိမ်းပေါင်း ပေါင်းရာမှ မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေ စုပေါင်းငြိမ်းသတ်ခဲ့တာကြောင့် မီးငြိမ်းသွားခဲ့ပါတယ်။  ပပဝတီ ၈ လမ်းနေ ဦးတင်သန်းဆိုသူနေအိမ်မှ ဈေးရောင်းဖို့ မုန့်စိမ်းပေါင်း ပေါင်းစဉ် လွှစာနဲ့ ထင်းမီး ထည့်ပြီး မီးမွှေးရာက ထရံကို မီးစွဲကာ မီးလောင်ကျွမ်းခဲ့ပြီး သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး မီးလောင်ပျက်စီဆုံးရှုံးခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာနက ပြောပါတယ်။  မီးလောင်တဲ့နေရာကို ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦး၊ အရန် ၃၀ ဦး၊ မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီး အထောက်အကူပြုယာဉ် ၂ စီး၊ တိုင်းရဲတပ်ဖွဲ့ဝင်တွေ၊ အမှတ် ၅ ရပ်ကွက် ပပဝတီရပ်ကွက်နေ ပြည်သူတွေ ပူးပေါင်း ငြိမ်သတ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်သေကျေ ပျက်စီးမှု မရှိဘဲ ၃၅၆၄၀၀၀ ဖိုး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တိုင်းမီးသတ်တပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ 
1 year Ago
Up