နေစရာအိမ်မရှိသည့်ပြည်သူများ

July 1, 2020

ဟားခါးတွင် နေစရာအိမ်မရှိသည့်ပြည်သူများအတွက် အစိုးရက အိမ်နေရာမြေကွက် မဲနှိုက်ချပေး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ၁၀ နှစ်၊ နှစ် ၂၀ နေထိုင်ခဲ့ပြီး နေစရာအိမ်မရှိသူတွေအတွက် ဇူလိုင် ၁ ရက်နေ့မှာ အိမ်နေရာမြေကွက်တွေ မဲနှိုက်စနစ်နဲ့ ချထားပေးမယ်လို့ ဟားခါးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးငွန်ဗုန်းက ပြောပါတယ်။ မြေဧရိယာ ၆၇၆ ဧကအတွင်း မြေကွက်တွေကို ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် အဆင့် ၃ ဆင့်ခွဲကာ မဲနှိုက်ချထားပေးမှာ ဖြစ်ပြီး ပထမအဆင့် မြေကွက် ၁ ပေ ပတ်လည်ကို ကျပ်ငွေ ၁၅၀၀၊ ဒုတိယအဆင့်ကို ကျပ်ငွေ ၉၀၀ နဲ့ တတိယအဆင့်ကို ၅၀၀ ကျပ် စသဖြင့် စျေးနှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။ မြေကွက်ပေါင်း ၈၀၀ လောက်အထဲက အစိုးရအဆောက်အဦ၊ ဘာသာရေးအဆောက်အဦတွေအတွက်ချန်ထားပြီး   မြေကွက် ၅၉၂ ကွက်ကို မဲနှိုက်စနစ်နဲ့ အိမ်နေရာချထားဖို့ရှိရာ ဇူလိုင်လ ၁ ရက်နေ့ ဟားခါးမြို့ မြို့တော်ခန်းမမှာ မနက် ၁၀  ကနေ စတင် မဲဖောက်မှာဖြစ်ပါတယ်။ အခုမြေကွက်ချထားမယ့် နေရာဟာ ၂၀၁၉ သြဂုတ်လက အစိုးရအနေနဲ့ လျာထားတဲ့ မြို့သစ်စီမံကိန်းနေရာဖြစ်ပြီး ဒီနေရာမှာ ကျူးကျော်အိမ်တွေ ဆောက်လုပ်တာဖြစ်တယ်လို့ဆိုကာ လူနေအိမ် ၁၀၀ ကျော်ကို ပြည်နယ်အစိုးရက ဖျက်ဆီးခဲ့တဲ့နေရာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေရာအတွင်း မြေနေရာအလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲပြီး လူ ၆ ဦးကို အစိုးရက ပုဒ်မ-၆၁ နဲ့ တရားစွဲထားပါတယ်။ တရားစွဲခံရသူတစ်ဦးဖြစ်တဲ့ ဦးဟရန်ကီးလ် က "ကျနော်ကတော့ ဘာမှပြောစရာ မရှိတော့ပါဘူး။ ကျနော်တို့ အမှုလည်း တရားလိုဘက်က လိုအပ်ချက်ရှိနေတယ်ဆိုလို့ အခုထိ အမှုမပြီးပြတ်နိုင်သေးဘူး။ အခုတော့ ကျနော်လည်း တရားခံလိုဖြစ်နေတော့ မြေကွက်ချထားရေး ကိစ္စမှာ ဘာမှပြောစရာမရှိဘူး" လို့ပြောပါတယ်။ သတင်း-တွီဒိမ်း
12 months Ago
Up