နေခြည်ဈေး

April 19, 2020

မြန်အောင်မြို့ နေခြည်ဈေးက ပျံကျဈေးသည်များကို နေရာပြောင်းရွှေ့ရောင်းချခွင့်ပြု

ဧရာဝတီတိုင်း၊ မြန်အောင်မြို့ နေခြည်ဈေးက ပျံကျဈေးသည်တွေကို ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ ဧပြီ ၁၆ ရက်နေ့မှာ ရောင်းချခွင့် ပိတ်လိုက်ပြီး မြန်အောင်မြို့ အ.ထ.က ၁ ဘောလုံးကွင်းမှာ ဒီနေ့ ပြန်လည်ရောင်းချခွင့်ပြုခဲ့ပါတယ်။  “အခု နေရာပြောင်းလိုက်တဲ့ အ.ထ.က ၁ ဘောလုံးကွင်းထဲက ဈေးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့အနေနဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ပြီး ဈေးသည်တွေ တဆိုင်နဲ့ တဆိုင်ကို ၆ ပေစီအကွာမှာ အကွက်ရိုက်ပေးထားတယ်။ ပျံကျဈေးကို ပိတ်လိုက်တဲ့အခါကျတော့ ပျံကျတန်းမှာရောင်းချနေတဲ့ ဈေးသူဈေးသားတွေရဲ့ စားဝတ်နေရေးကိုလည်း ပြန်ငဲ့ညှာပါတယ်။ စားသုံးသူတွေအတွက်လည်း လွယ်လွယ်ကူကူ ဝယ်နိုင်ဖို့အတွက် ဒီဘောလုံးကွင်းမှာ နေရာချထားပေးတာ” လို့ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးက DVB ကို ပြောပါတယ်။  ဒီဘောလုံးကွင်းထဲမှာ ဈေးသည်ပေါင်း ၅၀၀ ကျော်ရောင်းချနိုင်မှာဖြစ်ပြီး ဈေးရောင်းသူရော ဈေးဝယ်သူတွေပါ COVID-19 ကို ကာကွယ်တဲ့အနေနဲ့ ဈေးအဝင်မှာ နှာခေါင်းစည်းတွေ၊ လက်ဆေးရေတွေကို သက်ဆိုင်ရာ အာဏာပိုင်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကူညီပေးနေပါတယ်။  သင်္ကြန်ရက်မှာ နေခြည်ဈေးထဲက ဆိုင်ခန်းတွေ ပိတ်ထားပေမယ့် ဧပြီလ ၁၈ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်နေပါတယ်။
1 year Ago
Up