နိုင်ငံရေးပါတီများ

September 8, 2020

၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုစတင် (ဓာတ်ပုံ) 

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေကို နိုင်ငံတဝန်းရှိ သက်ဆိုင်ရာဒေသ အသီးသီးမှာ  နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက ဒီကနေ့မနက် စတင်လုပ်ဆောင်နေပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့မှာလည်း ဒေသခံလူထုလူတန်းစား အလွှာအသီးသီးက  အန်အယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီ အပါအဝင် သူတို့ထောက်ခံအားပေးတဲ့ ပါတီတံဆိပ်ပါ အလံတွေ၊  MASKတွေနဲ့ တီရှပ်တွေ ဝတ်ဆင်တာ၊ နေအိမ်တွေမှာ အလံတွေ လွှင့်ထူတာနဲ့  မြို့တွင်း လှည့်လည်တာ မြင်တွေ့ရပါတယ်။ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲအောင်နိုင်ရေး အလံတော်လွှင့်ထူတဲ့ အခမ်းအနားကို  နေပြည်တော်  ဥတ္တရသီရိမြို့နယ်ရှိ  ယာယီဌာနချုပ်ရုံးခွဲမှာကျင်းပရာမှာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အလံလွှင့်ထူခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အန်အယ်လ်ဒီပါတီ ရန်ကုန်တိုင်းဌာနချုပ်မှာလည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအလံလွှင်ထူခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံးရှိ ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ်တင်အခမ်းအနားကျင်းပရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် တက်‌ရောက် ဖွင့်လှစ် ခဲ့ပါတယ်။ ကျောက်ဆည်မြို့မှာတော့ အန်အယ်လ်ဒီပါတီ ထောက်ခံသူတွေက ကျောက်ဆည် ဆင်အကတွေနဲ့ရော ဆည်ဆင်ရုပ်ကိုယ်ထည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပုံတူ ပြုလုပ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးလှုပ်ရှားမှုကို ကြိုဆိုခဲ့ကြပါတယ်။ နေပြည်တော်မှာတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ပါတီရဲ့ အောင်နိုင်ရေးဆိုင်းဘုတ်ကို သပြေကုန်းအဝိုင်းမှာ စတင်စိုက်ထူခဲ့ရာမှာ ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းနဲ့အတူပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကတော့ မဲဆွယ်စည်းရုံးရေး စတင်တဲ့အနေနဲ့  ဖရူဆိုမြို့မှာ ပါတီအလံတွေနဲ့အတူ ဆိုင်ကယ်တွေနဲ့ လှည့်လည် ချီတက်နေပါတယ်။  ဦးကိုကိုကြီးခေါင်းဆောင်တဲ့ ပြည်သူ့ပါတီကတော့  ကမာရွတ် လှည်းတန်းမှာ ပိုစတာတွေကိုင်ပြီး  ဒီကနေ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုပြုလုပ်ပါတယ်။  ပြည်သူ့ရှေ့ဆောင်ပါတီကတော့ ပါတီ ဥက္ကဋ္ဌ  ဒေါက်တာသက်သက်ခိုင်နဲ့ ကိုယ်စားလှယ်လောင်းတွေက မရမ်းကုန်းမြို့နယ်ရှိရပ်ကွက်တွေထဲကို  တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးရေး စတင်ပြုလုပ်နေပါတယ်။ အထွေထွေရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေအရ ရက်ပေါင်း ၆၀ မဲဆွယ်ခွင့်ကို စက်တင်ဘာ ၈ ရက်မှ တရားဝင်စတင်ခွင့်ပြုထားပါတယ်။ ဓာတ်ပုံ- ထူးထူး- သော်တာ - Ye Myo Khant / MPA-- Kaung Zaw Hein / MPA- PPP   
10 months Ago

July 15, 2020

ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးလုပ်ခွင့် အခြားပါတီများ ယခင်ကတည်းကရရှိနေဟု ကော်မရှင် ရှင်းလင်း

ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေရဲ့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးနဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အတိုင်းသာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းဝင်တွေရဲ့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးနဲ့ စပ်လျဉ်းတဲ့ ထုတ်ပြန်ချက်အပေါ် နိုင်ငံရေးပါတီတချို့က ဝေဖန်နေတာနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ဒီထုတ်ပြန်ချက်ဟာ ၂၀၁၅ တုန်းက ထုတ်ပြန်ချက်အတိုင်းဖြစ်ပြီး ဘာမှ ပြောင်းလဲထားခြင်းမရှိဘူးလို့ ဇူလိုင် ၁၅ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြန်လည်ဖြေရှင်းလိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ကျနော်တို့ ကြေညာချက်ထုတ်ထားတာက ၂၀၁၅ တုန်းကလည်း ဒီလိုပဲ ကြေညာချက်ထုတ်ထားပါတယ်။ ၂၀၁၅ က ထုတ်ထားတဲ့ ကြေညာချက်အတိုင်း ဖတ်ကြည့်ရင်လည်း ၍၊ ၏တွေက အစ ဒီအတိုင်းပါပဲ။ ကျင်းပမယ့် ရက်စွဲပဲ ကွာတာပါ”လို့ ပြောပါတယ်။ ဒါ့အပြင် ဒီထုတ်ပြန်ချက်ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေက ပေးထားတဲ့အတိုင်း ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အခုထုတ်ပြန်ချက်အရ အာဏာရပါတီကို မဲဆွယ်စည်းရုံးခွင့်ပေးထားတယ်ဆိုပြီး ဝေဖန်မှုတွေအပေါ်မှာလည်း မဟုတ်မှန်ကြောင်း  ငြင်းဆိုသွားခဲ့ပါတယ်။ ဦးမြင့်နိုင်က “အာဏာရပါတီက မဲဆွယ်ခွင့်ရနေတယ်ဆိုတာ မဟုတ်ဘူးပေါ့နော်။ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးက အခုမှရတာ။ ကျနော်တို့က ကြေညာပြီးတဲ့အခါမှ အာဏာရပါတီရဲ့ ခေါင်းဆောင်တွေက ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေး ကိုပဲ လုပ်ခွင့်ရမှာ။ ကျန်တဲ့ပါတီတွေ အားလုံး အားလုံးဟာ ဟိုးအရင်ကတည်းက ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးကို ရနေကြတာ။ ဒါယူဆချက်က မှားနေကြတာ” လို့လည်း ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အခုထုတ်ပြန်ချက်ဟာ အစိုးရအဖွဲ့ဝင်တွေရဲ့ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးအတွက်သာ ဖြစ်ပြီး မဲဆွယ်စည်းရုံးခွင့်ကိုတော့ ကိုယ်စားလှယ်လောင်းတွေ စိစစ်မှုအပြီး ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၆၀ အလိုမှသာ ရရှိမှာ ဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
11 months Ago
Up