နိုင်ငံတော်သမ္မတဦးဝင်းမြင့်

October 22, 2020

နိုင်ငံတော်သမ္မတနှင့်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့  နေပြည်တော်တွင် မနက်ဖြန် ကြိုတင်မဲပေးမည် 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်မှာ မနက်ဖြန် အောက်တိုဘာ ၂၃ ရက်နေ့ ကြိုတင်ဆန္ဒမဲပေးကြမှာဖြစ်တယ်လို့  ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ နိုင်ငံတော်သမ္မတနဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  ပြည်ထောင်စုနယ်မြေမှာပဲ ကြိုတင်မဲ ပေးဖို့အတွက် ပုံစံ (၁၅) နဲ့ လျှောက်ထားခဲ့ကြတာပါ။ "ဟုတ်ပါတယ်။ ဇမ္ဗသီရိမြို့နယ်မှာ၊ပေးကြမှာပါ"လို့  ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက   ပြောပါတယ်။ ဒါပေမဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ ကြိုတင် မဲပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး  အသေးစိတ်ပြောဆိုတာတော့ မရှိပါဘူး။ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် မဲရုံတွေမှာ တန်းစီရမယ့်သူ အရေအတွက်နည်းသွားအောင်နဲ့ ရောဂါကူးစက်မှုမဖြစ်စေဖို့ အသက် ၆၀ ကျော်အရွယ် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးလို့ရအောင် စီစဉ်နေတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၉ ရက်နေ့က  ပြောကြားထားပါတယ်။ “Stay at Home မြို့နယ်တွေမှာ ဆိုရင် ၆၀ ကျော်တွေ အားလုံးဟာ ကြိုတင်မဲပေးနိုင်မှာ ဖြစ်တာကြောင့်မို့လို့ ရွေးကောက်ပွဲနေ့မှာလည်း အခြေအနေပိုပြီး ကောင်းသွားမယ်။ ကျန်းမာရေးအရလည်း ကျမတို့ အနေနဲ့ ၆၀ ကျော်တွေအတွက် ပိုပြီးတော့ စိတ်ချရမှာ ဖြစ်ပါတယ်။ ကျမလည်း  ကြိုတင်မဲပေးလို့ရတာပေါ့” လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံတဝန်း မဲရုံကို ကိုယ်တိုင် လာရောက်ဆန္ဒမဲ မပေးနိုင်တဲ့ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေ နေအိမ်မှာ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေကို အောက်တိုဘာ ၁၀ ရက်နေ့က ညွှန်ကြားထားပါတယ်။ သတင်း- ထက်ဝေအောင်
9 months Ago

February 26, 2020

နိုင်ငံတော်သမ္မတဦးဝင်းမြင့်  အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက် 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ဒီကနေ့မနက်က ထွက်ခွာသွားပါတယ်။ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်ရဲ့ ဖိတ်ကြားချက်အရသွားရောက်တာ ဖြစ်ပြီး ဖေဖေါ်ဝါရီ ၂၆ ရက်ကနေ ၂၉ ရက်အထိ ခရီးစဉ်အတွင်း  ခေါင်းဆောင်တွေ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးဖို့ရှိပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ခရီးစဉ်အတွင်း ဗုဒ္ဓဂါယာကိုလည်း သွားရောက်ဖို့ရှိတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။  သမ္မတနဲ့အတူ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေအဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော် သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီရဲ့ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ အိန္ဒိယနိုင်ငံသမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်ဟာလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံကို ၃ ရက်ကြာချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။  ဓာတ်ပုံ-MOI
1 year Ago
Up