နိုင်ငံခြားသား

January 31, 2021

ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်အားလုံး ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့်

ကမ္ဘာ့နိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားတွေအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်တွေအားလုံးကို ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားတွေအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် မတ် ၁၅ ရက်စွဲပါ ကြေညာချက်၊ ထပ်တိုးကန့်သတ်ချက်တွေ၊ ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာ  ထုတ်ပေးတာတွေကို ယာယီရပ်ဆိုင်းတာနဲ့ပတ်သက်တဲ့ မတ် ၂၀ ရက်စွဲပါ ကြေညာချက်၊ ထပ်တိုးကန့်သတ်ချက်တွေနဲ့ ပတ်သက်တဲ့ မတ် ၂၄ ရက်စွဲပါကြေညာချက်၊ နိုင်ငံခြားသားတွေ ဗီဇာကင်းလွတ်ခွင့်နဲ့ လူမှုရေးဗီဇာအပါအဝင် ဘယ်ပြည်ဝင်ဗီဇာ အမျိုးအစားကိုမဆို  ယာယီရပ်ဆိုင်းတာနဲ့ပတ်သက်တဲ့ မတ် ၂၈ ရက်စွဲပါ ကြေညာချက်တွေကို သက်တမ်းထပ်တိုးလိုက်တာပါ။

မြန်မာနိုင်ငံကို နိုင်ငံတကာ ခရီးသည်တင်လေယာဉ်တွေ ဆိုက်ရောက်ခွင့်ကိုလည်း ဒီလကုန်အထိ ခွင့်မပြုဘူးလို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြည်ပကနေ ဝင်ရောက်လာနိုင်တာနဲ့ ကူးစက်ပြန့်ပွားမှုအန္တရာယ်ကနေ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်တဲ့ အစီအမံတွေ ဆက်လက်ချမှတ်ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အရေးပေါ် အစိုးရတာဝန်နဲ့ဖြစ်ဖြစ်၊ မလွှဲမရှောင်သာတဲ့ကိစ္စတွေကြောင့်ဖြစ်ဖြစ် သံတမန်တွေနဲ့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေက ဝန်ထမ်းတွေအပါအဝင် ပြည်ပနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပျံသန်းပြေးဆွဲဖို့ရှိတဲ့ ကယ်ဆယ်ရေးလေယာဉ် ဒါမှမဟုတ် အထူးလေယာဉ်တွေနဲ့ လာရောက်ဖို့ရှိရင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အနီးဆုံး မြန်မာသံရုံး/ အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတွေကို ဆက်သွယ်အကူအညီတောင်းခံဖို့လည်း ထုတ်ပြန်ထားပါတယ်။

6 months Ago

January 28, 2021

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ နိုင်ငံခြားသားများကို လာလည်ခွင့်ပြုရန် ထိုင်းနိုင်ငံက စီစဉ်နေ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးထားပြီးသား နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံထဲမှာ ကွာရန်တင်း  ၁၄ ရက် နေစရာမလိုတော့ဘဲ လာရောက်လည်ပတ်ဖို့ ခွင့်ပြုနိုင်တော့မယ်လို့ ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ TAT က ဇန်နဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

ကာကွယ်ဆေး နိုင်ငံကူးလက်မှတ် အစီအစဉ်ဟာ TAT အုပ်ချုပ်ရေးမှူး အဆိုပြုတဲ့ အတွေးအခေါ် တွေထဲက တရပ်ပါ။  ကူးစက်ကပ်ဘေးကြောင့် ဝန်ထမ်း အယောက်တသန်းလောက် အလုပ်လက်မဲ့ ဖြစ်နေတဲ့ နိုင်ငံတွင်း ခရီးသွားလုပ်ငန်းအတွက် ပြန်အသက်သွင်းနိုင်မယ့် အမြော်အမြင်တရပ်လည်း  ဖြစ်ပါတယ်။

အဆိုပြုချက်တွေအရ ဥရောပနဲ့ အမေရိကန်တို့က ကာကွယ်ဆေးထိုးပြီးသား ကမ္ဘာလှည့် ခရီးသည်တွေ ထိုင်းနိုင်ငံကို မတ်လ ဒါမှမဟုတ် ဧပြီလ အစောဆုံးထား လာရောက် လည်ပတ် နိုင်မယ်လို့ TAT အကြီးအကဲ စူပါဆုန်က ပြောပါတယ်။

ကာကွယ်ဆေး နိုင်ငံကူးလက်မှတ် အစီအစဉ်သာ အတည်ပြုဖြစ်ခဲ့ရင် ၂၀၂၁ ခုနှစ်ထဲမှာ ထိုင်းနိုင်ငံထဲကို နိုင်ငံခြားသား ခရီးသည် ၁၀ သန်း လာရောက် လည်ပတ်မယ်လို့ မျှော်လင့်ထားပါတယ်။

ခုတော့ TAT ဟာ ကမ္ဘာလှည့်ခရီးသည်တွေကို အစုံလိုက် တွဲရောင်းတဲ့ ခရီးစဉ်တွေ ကမ်းလှမ်းနိုင်ရေး အီးမရိတ် အဲလိုင်းစ်နဲ့ ကာတာ လေကြောင်းလိုင်းတွေနဲ့ ဆွေးနွေး နေတယ်လို့လည်း ဆူပါဆုန်က ပြောပါတယ်။

TAT ကတော့ ဒေသတွင်း ခရီးသွားလုပ်ငန်းကို လှုံ့ဆော်ဖို့ အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အဖွဲ့ဝင် နိုင်ငံတွေက ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ကို အလားတူ ကာကွယ်ဆေး နိုင်ငံကူးလက်မှတ် အစီအစဉ်တွေ ကျင့်သုံးဖို့ တိုက်တွန်းမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဟိုတယ်လုပ်ငန်းစုကြီး ၂ ခုက လက်ရှိကျင့်သုံးဆဲ ကိုဗစ်-၁၉ ရောဂါခြေချုပ် စည်းမျဉ်းတွေကို ကာကွယ်ဆေးထိုးပြီးသား လည်ပတ်သူတွေ အတွက် ပယ်ဖျက်ပေးဖို့ တိုက်တွန်းအပြီးမှာ အခုလို သတင်းတွေ ထွက်လာတာလို့ ထိုင်းအမျိုးသား သတင်းဗျူရိုမှာ ရေးသား ဖော်ပြပါတယ်။

6 months Ago
More News
Up