နယ်စပ်ခြံစည်းရိုး

June 13, 2020

နယ်စပ်ခြံစည်းရိုးကျော်တက်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သူ ၂ ဦး ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့အနီးရှိ ကညင်းချောင်း၊ ချောင်းဝစခန်းအနီး နယ်စပ်ခြံစည်းရိုး မိုင်တိုင် ၅၈၀ အနီး နယ်စပ်ခြံစည်းရိုး ကျော်တက်ကာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူးယစ်ဆေး ပို့ဆောင်သူ ၂ ဦးကို မူးယစ်ဆေးတွေနဲ့အတူ ဇွန် ၁၁ ရက်နေ့ ည ၁ဝ နာရီခွဲက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ “ကညင်းချောင်းစခန်းအနီးက ခြံစည်းရိုးကို ကျော်တက်နေတာကို မသင်္ကာလို့ ဝိုင်းဖမ်းတာ မူးယစ်ဆေးတွေပါ မိတယ်” လို့ စခန်းတာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။ မောင်တောမြို့ ရွှေစားကျေးရွာအုပ်စု ကံဘဲ့ကျေးရွာမှာ နေထိုင်တဲ့ အာရာဖတ် (၂၂-နှစ်) နဲ့ မာမတ်နူရ် (၁၉-နှစ်) တို့ကို WY စိတ်ကြွရူးသွပ်ဆေးပြား ၃၄၁၂၅ဝ ပြားနဲ့အတူ ဖမ်းဆီးမိတာဖြစ်ပြီး ပြင်ဖြူနယ်မြေ ရဲစခန်းမှာ မူးယစ်ဆေးဥပဒေနဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုးဝင် ခိုးထွက်သူတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေ ရှိနေချိန်မှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူးယစ်ဆေး ပို့ဆောင်ဖို့ ခြံစည်းရိုး ကျော်တက်သူတွေကို ပထမဆုံးအကြိမ် ဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။ မောင်တောနယ်စပ်တလျှောက် ခြံစည်းရိုးတွေကို ကျပ်ဘီလီယံချီ အကုန်အကျခံ တည်ဆောက်ထားပေမယ့် အရည်အသွေး ညံ့ဖျင်းမှုတွေ ရှိနေတာလည်း တွေ့ရှိရပါတယ်။ လင်းလက်
11 months Ago

March 8, 2020

နယ်စပ်ခြံစည်းရိုးကို ရွှေ့ပြောင်းဒုက္ခသည်များ မီးရှို့၊ ဂရိရဲတပ်ဖွဲ့ မီးသတ်ပိုက်များဖြင့် ဖြိုခွင်း

တူရကီ-ဂရိနယ်စပ်မှာ မတ်လ ၇ ရက်ညပိုင်းအထိ ရွှေ့ပြောင်းဒုက္ခသည်တွေ အတင်းဖြတ်ကျော်ဝင်ရောက်ဖို့ကြိုးစားကာ နယ်စပ်ခြံစည်းရိုးတလျှောက် မီးရှို့ခဲ့ကြတာကြောင့် ဂရိတပ်ဖွဲ့တွေက မီးသတ်ပိုက်တွေနဲ့ ထိုးခွဲဖြိုခွင်းခဲ့ပါတယ်။  တချို့ရွှေ့ပြောင်းဒုက္ခသည်တွေဟာ မနက်ပိုင်းကထဲက ခြံစည်းရိုးကို တွန်းလှဲဖို့ ကြိုးစားခဲ့ပေမဲ့ ဂရိရဲတပ်ဖွဲ့နဲ့ စစ်တပ်တွေက  ကတ်စတန်နီနယ်စပ်တလျှောက် အင်အားအပြည့်နဲ့ စောင့်ကြပ်နေခဲ့ကြပါတယ်။  ရွှေ့ပြောင်းတွေရဲ့  ဖြတ်ကျော်ဝင်ဖို့ အကြိမ်ပေါင်းထောင်ချီ ကြိုးစားမှုတွေကို ပြီးခဲ့တဲ့ ၈ ရက် အတွင်း တားဆီးခဲ့ရတယ်လို့ ဂရိအာဏာပိုင်တွေက ပြောထားပါတယ်။  ဖေဖော်ဝါရီ ၂၉ ကနေ မတ် ၇ ရက်နေ့အထိ ဂရိနယ်ထဲကို ဝင်ရောက်ဖို့ ကြိုစားတဲ့ အကြိမ်ရေပေါင်း ၃၉၅၀၀ ရှိခဲ့ပြီး လူ ၂၈၀ ကို ဖမ်းဆီးထားတယ်လို့ ဂရိအစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ 
1 year Ago
Up