နယူးမက္ကဆီကို

June 17, 2020

နယူးမက္ကဆီကိုပြည်နယ်တွင် ဆန္ဒပြသူများကို ရဲက ပစ်ခတ်နှိမ်နင်း 

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်မှာ ဇွန် ၁၅ ရက်နေ့က ၁၆ ရာစု  စပိန်နယ်မြေသစ် အောင်နိုင်သူတဦးရဲ့ ရုပ်တုကို ဖျက်ဆီးဖို့ကြိုးစားတဲ့ ဆန္ဒပြသူတွေကို့ ရဲက ပစ်ခတ်နှိမ်နင်းရာမှာ လူတစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရပါတယ်။ ဆန္ဒပြသူတွေဟာ အယ်လ်ဘူကွာကေမြို့လယ်က ပြတိုက်တခုအနားမှာ ဆန္ဒပြခဲ့ပြီး ရဲက ပစ်ခတ်နှိမ်နှင်းစဉ် ဒဏ်ရာရသူတဦး ရှိခဲ့တာပါ။ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ လူနာကို ဆေးရုံကို တင်ပို့လိုက်ပြီဖြစ်ပြီး အခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။ ရိုက်တာရဲ့ မေးမြန်းချက်အရ ပစ်ခတ်မှုအသေးစိတ်နဲ့ပတ်သက်တဲ့ တရားဝင် အချက်အလက်တွေ မရသေးဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ်က အီးမေးလ်နဲ့ ပြန်ဖြေထားပါတယ်။ ဒေသခံသတင်းစာတခုကတော့ ဆန္ဒပြသူတွေက ဟွမ်ဒီအိုနာတီ ရုပ်တုကို လှဲချဖျက်ဆီးဖို့ ကြိုးစားစဉ် ရဲနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။  ဇွန် ၁၅ ရက်က  ဆန္ဒပြသူတွေ ဖျက်ဆီးဖို့ ကြိုးစားတဲ့ရုပ်တုဟာ ဒီနေ့ခေတ် နယူးမက္ကဆီကို ပြည်နယ်နေရာကို ကျူးကျော်ပြီး ဒေသခံ ပွေဘလိုလူမျိုးစုကို လူမျိုးတုံး သတ်ဖြတ်ခဲ့တဲ့ စပိန် နယ်မြေသစ်ရှာဖွေသူ အိုနာတီရဲ့ရုပ်တု ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ အဲဒီရုပ်တုကို လာဂျော်နာဒါလို့လည်း ခေါ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
11 months Ago
Up