နယူးဒေလီ

November 14, 2021

လေထုညစ်ညမ်းမှုကြောင့် နယူးဒေလီတွင် ကျောင်းနှင့်ဆောက်လုပ်ရေးလုပ်ငန်းများ ပိတ်မည်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျောင်းတွေကို သီတင်းပတ် တပတ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို လေးရက်ကြာ ပိတ်မယ်လို့ မြို့တော် ဝန်ကြီးချုပ်က နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

နယူးဒေလီဟာ လေထုညစ်ညမ်းမှု အကြပ်အတည်း ပိုဆိုးလာနေလို့ ပြည်သူတွေကို ကာကွယ်ဖို့ ကြိုးစားနေတာပါ။

မြို့တော်အတွင်း အသွားအလာ လုံးဝ တားမြစ်ပိတ်ပင်မယ့် အလားအလာကို ဆက်လုပ်နေပြီး ဒါပေမယ့် ဗဟိုအစိုးရနဲ့ တိုင်ပင်အကြံယူပြီးမှ ဘယ်လိုဆုံးဖြတ်ချက်ကိုမဆို ချမှတ်မယ်လို့လည်း သူက ပြောပါတယ်။

မြို့တော်ပတ်လည်က လယ်မြေတွေမှာ ရိုးပြတ်တွေကို မီးရှို့နေလို့ မြို့တော်မှာ အဆိပ်သင့် မီးခိုး မြူထူတွေ ထူထပ်သိပ်သည်း နေတာပါ။

အိန္ဒိယရဲ့ ဂျုံခင်းလို့ ခေါ်တဲ့ ပန်ဂျပ်ပြည်နယ်က လယ်သမားတွေက သူတို့ကို အစိုးရက ဘယ်လိုလုပ်ရမလဲဆိုတဲ့ အဖြေကိုရော တခြားရွေးချယ်စရာကိုပါ မပေးဘဲ အမှိုက်တွေကို မီးရှို့ခိုင်းနေတယ်လို့ ပြောပါတယ်။

မြို့တော် နယူးဒေလီနဲ့ နယ်နမိတ် ထိစပ်နေတဲ့ လယ်မြေအများစုရှိရာ ပန်ဂျပ်နဲ့ ဟာယန ပြည်နယ်တွေက အမှိုက်မီးရှို့တဲ့ လုပ်ရပ်ဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေအတွင်း လေထု ညစ်ညမ်းမှုရဲ့ ၄၀ ရာခိုင်နှုန်းအထိ ဖြစ်စေတဲ့ ရင်းမြစ်လို့ လေထုအရည်အသွေး စောင့်ကြည့်ရေးဌာန ဆာဖှာကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

2 weeks Ago

September 12, 2021

အိန္ဒိယ-ဩစတြေးလျ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ နယူးဒေလီတွင် တွေ့ဆုံ

အိန္ဒိယနဲ့ သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ အိန္ဒိယမြို့တော် နယူးဒေလီမှာ စက်တင်ဘာ ၁၁ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး အားဖြည့်ဖို့ ဆွေးနွေးခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်းနဲ့ ကာကွယ်ရေးဝန်ကြီး ပီတာဒတ်တွန်တို့ဟာ နယူးဒေလီကို စက်တင်ဘာ ၁၀ ရက်က ရောက်လာတာပါ။

ကာကွယ်ရေးနဲ့ ဗျူဟာမြောက် အပြန်အလှန် ဆက်ဆံရေး ကျစ်လျစ်အောင်လုပ်ရေး ဝန်ကြီးအဆင့် အစည်းအဝေးကို တက်ဖို့ ရောက်လာတာပါ။

သူတို့ဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့သ်ဆင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယံ ဂျိုင်ရှန်ကာတို့နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။

“သြစတြေးလျနဲ့ အိန္ဒိယတို့ဟာ ဘယ်တုန်းကမှ ဒီထက်ပိုပြီးနီးကပ်တဲ့ မိတ်ဖက် မဖြစ်ဖူးသေးဘူးလို့ ပြောရင် မျှတမယ်လို့ ကျနော် ထင်တယ်”လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အိန္ဒိယ၊ သြစတြေးလျ၊ အမေရိကန်နဲ့ ဂျပန်တို့ဟာ ကွက်ဒ်အဖွဲ့ဝင်နိုင်ငံတွေပါ။ အင်ဒိုပစိဖိတ် ဒေသအတွင်း တရုတ်ရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှု တိုးလာတာကို ထိန်းဖို့ ကာကွယ်ရေးတံတိုင်း အလားအလာအတွက် ပိုတိုးလုပ်ဆောင်နေတယ်လို့ သံတမန်တွေက ပြောပါတယ်။

သြစတြးလျ ဝန်ကြီး ၂ ယောက်ဟာ စက်တင်ဘာ ၁၁ ရက်က အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီနဲ့ တွေ့ဆုံခဲ့ပါတယ်။

3 months Ago
More News
Up