နည်းပြကလော့ပ်

November 25, 2021

အာဖရိကဖလားပြိုင်ပွဲက သေးငယ်သည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း နည်းပြကလော့ပ်ဖြေရှင်း

လာမယ့်ဇန်နဝါရီမှာ ကျင်းပမယ့် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဟာ သေးငယ်တဲ့ပြိုင်ပွဲလို့ ဆိုလို တာမဟုတ်ကြောင်း လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောပါတယ်။ 

ကလော့ပ်ဟာ သူ့ရဲ့ အားအထားရဆုံးကစားသမား ၂ ဦးဖြစ်တဲ့ ဆာလာနဲ့ မာနေး ကို အာဖရိကဖလား ပြန်လည်စေလွှတ်ပေးရမှာဖြစ်ပြီး လီဗာပူးရဲ့ ပွဲစဉ်တချို့ကို လွဲချော်ဖို့ရှိနေတာပါ။ 

ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ  နည်းပြ ကလော့ပ်က ဇန်နဝါရီမှာ ပြိုင်ပွဲအနည်းငယ်ရှိပြီး နိုင်ငံတကာပြိုင်ပွဲ ရက်သတ္တပတ်မဟုတ်တာကြောင့် အဓိက ကစားသမား ၂ ဦး စေလွှတ်ပေးရတာက နစ်နာမှုရှိကြောင်း ပြောခဲ့ပါတယ်။ 

အဲဒီအပေါ်မှာ အာဖရိက ဖလားပြိုင်ပွဲက သေးငယ်ပြီး အရေးမပါတဲ့ ပြိုင်ပွဲဖြစ်တယ်လို့ ဆိုလိုတာလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာမှာ ကလော့ပ်က ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ 

အာဖရိကဖလားက သေးငယ်တဲ့ပြိုင်ပွဲလို့ ဆိုတာဟာ အာဖရိကကလူတွေကို စော်ကားရာရောက်ပြီး အဲဒီလို မဆိုလိုကြောင်း အင်္ဂလိပ်စကားပြောနေကျ Native Speaker မဟုတ်တာကြောင့် “There is a little tournament in January “ လို့ပြောတာကို စကားလုံး အသုံး နှုန်းလွဲမှားသွားတာ ဖြစ်နိုင်ကြောင်း ဂျာဂန် ကလော့ပ်က ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ 

အာဖရိကဖလားကို လာမယ့် ဇန်နဝါရီ၉ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်အထိ ကင်မရွန်းနိုင်ငံက လက်ခံကျင်းပမှာဖြစ်ပြီး လီဗာပူးက ဆာလာ၊ မာနေးနဲ့ ကီတာတို့ကို စေလွှတ်ပေးရမှာဖြစ်ပါတယ်။

2 months Ago

July 15, 2020

မန်စီးတီး အယူခံအောင်မြင်မှု ဘောလုံးလောကအတွက် မကောင်းဟု နည်းပြကလော့ပ် သုံးသပ်

မန်စီးတီးအသင်းရဲ့ ဥရောပလိဂ်ဘောလုံးပြိုင်ပွဲ ဝင်ခွင့် ပိတ်ပင်ခံထားရမှု အယူခံ အောင်မြင်ခဲ့တာဟာ ဘောလုံးလောကအတွက် မကောင်းမွန်တဲ့အကြောင်း လီဗာပူး နည်းပြ ကလော့ပ်က ဝေဖန်လိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိူးဖောက်ခဲ့တာကြောင့် ချန်ပီယံလိဂ် ၂ နှစ်ကစားခွင့် ပိတ်ပင်ခံခဲ့ရပြီး ယူရိုသန်း ၃၀ လည်း ဒဏ်ငွေ ချမှတ်ခံခဲ့ရတာပါ။  ဒါပေမဲ့ အားကစားဆိုင်ရာခုံရုံးကို အယူခံတင်သွင်းခဲ့ရာမှာတော့ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ပြီး ယူရို ၁၀ သန်းလောက်သာ ဒဏ်ရိုက်ဖို့ ပြောင်းလဲ ဆုံးဖြတ်ခဲ့တာပါ။  မန်စီးတီးအသင်းကို ချန်ပီယံလိဂ် ကစားခွင့်ရစေချင်ပေမဲ့ သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းဟာ ကောင်းမွန်တဲ့ဥပဒေဖြစ်ပြီး ဘယ်အသင်းကမှ ငွေကြေးကို ကြိုက်သလို အသုံးပြုခွင့်မပေးတာကြောင့် ဖြစ်တယ်လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။  အာဆင်နယ်နည်းပြ အာတေတာကတော့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်မှာ ကစားဖို့ ထိုက်တန်တဲ့အသင်းဖြစ်တယ်လို့ ပြောပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ဟာ ဇူလိုင် ၁၆ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အဲဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ နည်းပြ ၂ ဦးက မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up