နက်ဖလစ်

March 8, 2019

နက်ဖလစ်တွင်ပြသမည့် ရုပ်ရှင်အတွက် ထိုင်းတောဝက်ကလေးငယ်များ ဘတ် ၃ သန်းစီရရှိ

နက်ဖလစ် အွန်လိုင်းမီဒီယာကော်ပိုရေးရှင်းမှာ ပြသတော့မယ့် ထိုင်းနိုင်ငံ ထုံးကျောက်လိုဏ်ဂူတွင်းမှာ ပိတ်မိခဲ့တဲ့ ကလေးငယ်တွေရဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားအတွက် အသင်းသားတဦးကို ဘတ်ငွေ ၃ သန်းစီ ရရှိမှာဖြစ်ပါတယ်။ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ဝီရချွန် ဆူခွန်ဟက်ပါတီပက်ခ်က “ဒီရုပ်ရှင်စီးရီးစ်ကို ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ SK Global Entertainment က ထုတ်လုပ်ပြီး တောဝက်အသင်းသား လူငယ် ၁၃ ယောက်ဟာ တသက်တာမူပိုင်ခွင့် ခံစားရမှာဖြစ်ပါတယ်” လို့ ပြောကြောင်း နေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။ ရုပ်ရှင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆီရိဆက်ခ် ခေါ့ဖက်ချရင်ကတော့ မူပိုင်ခွင့်ဥပဒေအရ အသင်းသားတွေနဲ့ နည်းပြဟာ ကုမ္ပဏီရဲ့ ခွင့်ပြုချက်မရဘဲ အင်တာဗျူးတွေ ဖြေဆိုခွင့်ရဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကယ်ဆယ်ရေးမှာ ပါဝင်တဲ့ အဖွဲ့စည်းတွေနဲ့ ဖောင်ဒေးရှင်းတွေဟာလည်း ငွေကြေးတချို့ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင် ကျောက်ဂူကြီးထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး တောဝက်လူငယ်ဘောလုံးအသင်း နည်းပြတဦးနဲ့ အသင်းသား ၁၂ ဦးတို့ဟာ အချိန်ဆယ်ရက်ကျော် ပိတ်မိခဲ့လို့ လူပေါင်းထောင်ချီ သွားရောက်ကူညီ ကယ်ဆယ်ခဲ့ရကာ ဒီဖြစ်ရပ်ဟာ ကမ္ဘာကျော်သွားခဲ့ပြီးနောက် ဒါကို ဖြစ်ရပ်မှန်ရုပ်ရှင်ရိုက်ဖို့ နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီတွေ ကမ်းလှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ Variety သတင်းတပုဒ်မှာတော့ လက်ရှိအချိန်ထိ ဒီအဖြစ်အပျက်ကို အခြေတည် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ၆ ကားလောက်အထိ ရှိနေတယ်လို့ ဖော်ပြပါတယ်။ တောဝက်လူငယ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကြီးဟာ အံ့ဖွယ် အောင်မြင်မှုကြီးတခု ဖြစ်တာကြောင့် အမေရိကန်နိုင်ငံအခြေစိုက် Asia Society အဖွဲ့အစည်းကလည်း ဂူတွင်းပိတ်မိလူငယ် ကယ်ဆယ်ရေး လုပ်ငန်းစဉ်တခုလုံးရဲ့ ဥက္ကဋ္ဌ ဖယောင်းခရိုင်ဝန် နိုင်းနလုံးဆဒ် အိုးဆုခ်ထနားကွန်းကို အာရှခေါင်းဆောင်ဆု Asia Game Changer Awards ပေးအပ်ချီးမြှင့်ခဲ့ပါသေးတယ်။
2 years Ago

January 24, 2019

နက်ဖလစ်မှ ထုတ်လုပ်သည့် Roma ဇာတ်ကား အော်စကာ ဆန်ကာတင်စာရင်းတွင် ပါဝင်

နက်ဖလစ် (Netflix) မီဒီယာကော်ပိုရေးရှင်းက ထုတ်လုပ်တဲ့ 'Roma' ရုပ်ရှင်ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်အဖြစ် အော်စကာ ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါဟာ အော်စကာ ဆန်ကာတင်စာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်တာလည်း ဖြစ်ပါတယ်။ ဟောလိဝုဒ် ရုပ်ရှင်လောကအနေနဲ့ အွန်လိုင်းမီဒီယာဝန်ဆောင်မှုလုပ်ငန်းကို သူ့ရဲ့ ထိပ်တန်းဆု ချီးမြှင့်မလားဆိုတာ စမ်းသပ်မယ့် သမိုင်းမှတ်တိုင်တခုလည်း ဖြစ်ပါတယ်။ 'Roma' ရုပ်ရှင်ဟာ စုစုပေါင်း အကယ်ဒမီ ဆန်ကာတင်ဆု ၁၀ ဆု ရထားပြီး ဒီနှစ်ရဲ့ ဆန်ကာတင်စာရင်း အများဆုံး 'The Favourite' ရုပ်ရှင်နဲ့ အတူတူဖြစ်နေပါတယ်။ စပိန်စကားပြော အဲဒီရုပ်ရှင်ဟာ ၁၉၇၀ ဝန်းကျင်ကာလက မက္ကဆီကိုမှာ အလုပ်လုပ်ခဲ့တဲ့ အိမ်အကူတဦးနဲ့ သူအလုပ်လုပ်ရာ မိသားစုအကြောင်း ရိုက်ကူးထားတာပါ။ မက္ကဆီကန်ဒါရိုက်တာ အယ်ဖွန်ဆို ကွာရွန်က ရုပ်ရှင်ကို အဖြူအမည်း ရိုက်ကူးထားပြီး သူကြီးပြင်းရာ မက္ကဆီကိုစီးတီးမြို့ အနီးဝန်းကျင် နေရာတခုနာမည်ကို ပေးထားတာပဲ ဖြစ်ပါတယ်။ “ဒီရုပ်ရှင်ကို လူမှုရေးနဲ့ တိုးတက်ရေး လှုပ်ရှားမှုတွေအတွက် platform တခုအဖြစ် အသုံးချနိုင်တယ်ဆိုရင် ကျေနာ် အများကြီး ပျော်ရွှင်ရပါတယ်။ ဥပမာအားဖြင့် အလုပ်သမား မဟာမိတ်အဖွဲ့က ဒီ 'Roma' ရုပ်ရှင်ကို သူတို့လှုပ်ရှားမှုအတွက် platform တခုအဖြစ် အသုံးချတယ်။ ဒါ ကျေန်ာဂုဏ်ယူတဲ့ အရာတွေထဲက တခုပဲ” လို့ 'Roma' ရုပ်ရှင်ဖန်တီးသူ မက္ကဆီကန်ဒါရိုက်တာ အယ်ဖွန်ဆိုကွာရွန်က ပြောပါတယ်။ ဒီ 'Roma' ရုပ်ရှင်ဟာ ကျော်လွှားရမယ့် အတားအဆီးတွေ ရှိပေမယ်လို့ လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆုရဖို့ တစ်ပြေးနေတယ်လို့ အကယ်ဒမီဆု ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။
2 years Ago
Up