ဓာတ်ငွေ့

April 5, 2021

ပြင်သစ်စွမ်းအင်ကုမ္ပဏီ တိုတယ် မြန်မာနိုင်ငံတွင် ဓာတ်ငွေ့ဆက်ထုတ်မည်

ပြင်သစ် စွမ်းအင်ကုမ္ပဏီကြီး တိုတယ်ဟာ  စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဓာတ်ငွေ့ထုတ်လုပ်မှုကိုရပ်မှာ မဟုတ်ဘူးလို့ ကုမ္ပဏီအကြီးအကဲက ဧပြီ ၄ ရက်မှာ ပြောလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဆန့်ကျင်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းတာတွေ တိုးလုပ်နေချိန်မှာ နိုင်ငံခြားကုမ္ပဏီတွေ စစ်ကောင်စီနဲ့ ဆက်ဆံရေးရပ်ကြဖို့ ဆော်သြတာတွေ တိုးနေပေမယ့် တိုတယ်မှာ ဆက်နေဖို့ တာဝန်ရှိတယ်၊ သူတို့ထုတ်တဲ့ ဓာတ်ငွေ့ဟာ ရန်ကုန်ပြည်သူ ၂ သန်းနဲ့ ထိုင်းအနောက်ခြမ်းကို လျှပ်စစ်ဓာတ်အားပေးဖို့ပဲလို့ တိုတယ်ကုမ္ပဏီရဲ့  အမှုဆောင် အရာရှိချုပ် ပတ်ထရစ် ပူယာနီက ပြောပါတယ်။

“တိုတယ်လို ကုမ္ပဏီက သန်းချီတဲ့လူတွေကို ဖြန့်ဖြူးပေးနေတဲ့ လျှပ်စစ်ကို ဖြတ်ဖို့ ဆုံးဖြတ်နိုင်မလား။ ဒါဆိုရင် ဆေးရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ အနှောင့်အယှက် ဖြစ်လိမ့်မယ်” လို့  ပတ်ထရစ်က ပြင်သစ်ဂျာနယ်နဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။

မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကို နာကျည်းပေမယ့် တအားဒုက္ခရောက်နေပြီးသား မြန်မာပြည်သူ တွေနဲ့ တိုတယ်ရဲ့ ဒေသခံဝန်ထမ်းတွေကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်ကိုတော့ ငြင်းမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

အီတလီကုမ္ပဏီ ဘေနက်တန်၊ ဆွီဒင်ကုမ္ပဏီ H&M တို့ကတော့ မြန်မာနိုင်ငံက အမှာစာ အသစ်အားလုံးကို ဆိုင်းငံ့ခဲ့ပြီး ပြင်သစ် စွမ်းအင်ကုမ္ပဏီ EDF ကလည်း  ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်  ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်ကို တည်ဆောက်ရေး စီမံကိန်း အပါအဝင် သူ့လုပ်ငန်းတွေကို ဆိုင်းငံ့ခဲ့ ပြီးပါပြီ။

စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ ရေနံနဲ့ ဓာတ်ငွေ့ အင်တာပရိုက်စ်ဟာ ပြင်သစ် ကုမ္ပဏီ တိုတယ်နဲ့ အမ ကုမ္ပဏီ ချယ်ဗ်ရွန် တို့နဲ့ မိတ်ဖက် ပြုပြီး သဘာဝဓာတ်ငွေ့ ရောင်းချရာကနေ နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရနေတယ်လို့ ဗြိတိန် အခြေစိုက် ဒေးလီးမေးလ် သတင်းဌာနက အစီရင်ခံပါတယ်။

 တိုတယ်ဟာ မြန်မာအာဏာပိုင်တွေကို ၂၀၁၉ မှာ အမေရိကန်ဒေါ်လာ သန်း ၂၃၀ နဲ့ ၂၀၂၀ မှာ အမေရိကန်ဒေါ် လာ ၁၇၆သန်းကို အခွန်နဲ့ လုပ်ငန်းထုတ်လုပ်ခွင့်အတွက် ပေးဆောင်ခဲ့တယ်လို့ တိုတယ်ရဲ့ ဘဏ္ဍာရေး ကြေညာချက်က ဆိုထားပါတယ်။.

တိုတယ်ဟာ မြန်မာနိုင်ငံမှာ ဘဏ်စနစ်တွေ ရပ်နေတဲ့အတွက် စစ်အာဏာသိမ်းပြီးတည်းက ခုထိ တလကို အခွန် ဒေါ်လာ လေးသန်း မပေးဆောင်ရသေးဘူးလို့လဲ အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။

ဒေသခံမန်နေဂျာတွေ အဖမ်းခံထောင်ချခံရတာမဖြစ်စေဖို့ ကြားကအာမခံပေးတဲ့ ဘဏ် စာရင်းထဲကို အခွန်ငွေတွေ လွှဲမပေးဖို့ကိုလည်း ဆုံးဖြတ်ထားတယ်။ မြန်မာအစိုးရကို ပေးဖို့ရှိတဲ့ အခွန်တွေကို မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအတွက် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

1 month Ago

May 10, 2020

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်လူသေဆုံးခဲ့သည့် LG Polymers စက်ရုံပိတ်ပေးရန် အိန္ဒိယတွင်ဆန္ဒပြ

အိန္ဒိယနိုင်ငံ တောင်ပိုင်း အင်ဒရာ ပရာဒေ့ရှ်ပြည်နယ်က ဝိဆာခါ ပတ္တနမ်မြို့က LG Polymers စက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် သေဆုံးခဲ့သူ ၃ ယောက်ရဲ့ အလောင်းတွေကို ရွာသားတွေက စက်ရုံဝင်ပေါက်မှာ မေ ၉ ရက်ကချထားပြီး ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ စက်ရုံအပြင်ကို ထွက်လာတဲ့ အဆိပ်သင့်ဓာတ်ငွေ့တွေကြောင့် လူ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး လူ၈၀၀ ကျော် ဆေးရုံတင် ကုသခံခဲ့ရတာပါ။ ရာနဲ့ချီတဲ့ လူတွေ ခုထိ ဆေးရုံပေါ်မှာပဲ ရှိနေပါသေးတယ်။  မေ ၉ ရက်နေ့က ရဲညွှန်ချုပ် စက်ရုံကို လာကြည့်ချိန်မှာ ရွာသားတွေဟာ စက်ရုံဝင်ပေါက်မှာ အလောင်း ၃ လောင်း နဲ့အတူ ထိုင်သပိတ်မှောက်ခဲ့ကြတယ်လို့ ANI သတင်းဌာနမှာ ဖော်ပြထားပါတယ်။  ဓာတ်ငွေ့ယိုစိမ့်မှုကို စုံစမ်းစစ်ဆေးတဲ့ အရာရှိတွေ စက်ရုံထဲ ဝင်ချည်ထွက်ချည် သွားနိုင်ရေး အတွက် ရဲတွေက စက်ရုံဝင်းထဲ အတင်းဝင်ခဲ့တဲ့ ဆန္ဒပြသူတချို့ကို ဟန့်တားခဲ့ပါတယ်။  ဆန္ဒပြသူတွေက တရားမျှတမှု လိုချင်တယ်လို့ အော်ဟစ်ရင်း လူနေရပ်ကွက်နဲ့နီးတဲ့ စက်ရုံကို အပြီးပိတ်ပေးဖိုက တောင်းဆိုခဲ့ကြတယ်လို့ ANI သတင်းဌာနက ပြောပါတယ်။ တောင်ကိုရီးယားရဲ့ အကြီးဆုံး ရေနံဓာတုကုမ္ပဏီ LG Chem Ltd ရဲ့ လက်အောက်ခံ LG Polymers စက်ရုံရဲ့ စီမံခန့်ခွဲရေးအရာရှိတွေကို ဖမ်းဖို့ ဆော်သြခဲ့ပါတယ်။ စက်ရုံ စီမံရေးအဖွဲ့ကို တာဝန်ပေါ့ဆမှု၊ လူသေမှု စွဲချက်တွေနဲ့ ရဲတွေက တရားစွဲ ထားပါတယ်။ LG Polymers စက်ရုံကတော့ ဒီဖြစ်ရပ်ဒဏ်ကိုခံရတဲ့ လူအားလုံးကို မေ ၉ ရက်နေ့က တောင်းပန်ခဲ့ပြီး အဆိပ်သင့် ဓားစာခံတွေနဲ့ မိသားစုတွေကို တတ်နိုင်သမျှ အားလုံး ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။ ဓာတ်ငွေ့လှောင်ကန်က ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ခုလို ဘေးဆိုးဆိုက်ရတာဖြစ်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုတွေက ပြဆိုထားတယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။
1 year Ago
More News
Up