ဓမ္မာရုံပျက်စီး

May 28, 2020

အမ်းမြို့နယ်တွင် မိုးသက်လေပြင်းကြောင့် နေအိမ် ၁၇ လုံးနှင့် ဓမ္မာရုံပျက်စီး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကဏန်းပြင်ကျေးရွာအုပ်စု သလူမော်ကျေးရွာမှာ မေ ၂၇ ရက်ညက မိုးသက်လေပြင်းကျရောက်ခဲ့တာကြောင့် နေအိမ် ၁၇ လုံးနဲ့ ဓမ္မာရုံ ၁ ရုံပျက်စီးသွားခဲ့တယ်လို့ သလူမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ဒီဗွီဘီကို ပြောပါတယ်။ “ဖြစ်တာကတော့ မနေ့ညနေ ၄ နာရီကျော် အချိန်မှာ ဖြစ်သွားတာပါ။ မိုးသက်လေပြင်း ကျတော့ နေအိမ်အကုန်လုံးကတော့ ၁၇ အိမ်ပြိုကျသွားတာပေါ့။ ရွာဦးစေတီ ဓမ္မာရုံ ၁ ရုံပြိုကျပျက်စီးသွားခဲ့တာပေါ့။ တချို့လူတွေမှာတော့ ခြံစည်းရိုးတွေ ပျက်သွားတာတွေနဲ့ အမိုးအကာ ပျက်စီးသွားတာတွေလည်းရှိတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်း ၆၀ ဝန်းကျင်ဖိုးလောက် ပျက်စီးသွားတာပါ။ အခုကတော့ နေအိမ်ပြိုကျသွားတဲ့သူတွေကို ပလတ်စတစ်အမိုးအကာတွေနဲ့ ပြန်ဆောက်ပြီး ယာယီနေ နေကြရတယ်။” မိုးသက်လေပြင်းကျရောက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်စာရင်း အတိအကျ ကောက်ယူကာ ပြည်နယ်ကိုတင်ပြပြီး ပြန်လည်တည်ဆောက်နိုင်အောင် ကူညီပေးသွားမယ်လို့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောပါတယ်။ “ပျက်စီးသွားတဲ့အိမ်တွေအတွက်ကတော့ ကျနော်တို့မှ နှစ်ပိုင်း ရှိမယ်ပေါ့နော်၊ တစ်ပိုင်းက သဘာဝဘေးစီမံက ပေးတဲ့ ပိုက်ဆံနဲ့ထောက်ပံ့မှာပေါ့။ တစ်ပိုင်းကတော့ ကျနော်တို့ဆီက တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ သူတို့ ကျေးရွာပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီးတော့ ကိုယ်ထူကိုယ်ထဆောက်မှာပေါ့။”  အမ်းမြို့နယ် သလူမော်ကျေးရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၇၄ ဦး တို့ နေထိုင်စားသောက်ရေး အခက်အခဲရှိနေတာကြောင့် ကျေးရွာနေသူတွေက စုပေါင်းကာ ယာယီနေထိုင်နိုင်ဖို့ ကူညီဆောင်ရွက်ပေးထားတယ်လို့ သလူမော်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သတင်း- နောင်နောင် 
12 months Ago
Up