ဒရုန်း

July 12, 2019

ရွှေတိဂုံစေတီတော်တွင် ဒရုန်းလွှတ်တင်ခဲ့သည့် တရုတ်နိုင်ငံသားကို ခေါ်ယူသတိပေး

ရွှေတိဂုံစေတီတော်မှာ ဒရုန်းလွှတ်တင်ခဲ့တဲ့  တရုတ်နိုင်ငံသား ၁ ဦးကို စေတီလုံခြုံရေးအဖွဲ့ ခေါ်ယူသတိပေးပြီး နောက်နောင် ထပ်မံမလုပ်ဖို့ သတိပေးခဲ့တယ်လို့  ပြည်ထဲရေးက ဇူလိုင် ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ မနက် ၁၀ နာရီလောက်က ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ ရွှေတိဂုံစေတီတော် အရှေ့ဘက် ဓာတ်လှေကားထိပ်မှာ DJL Mavic Air အမျိုးအစား Drone ယာဉ် ၁ စင်း လွှတ်တင်နေတဲ့ တရုတ်နိုင်ငံသား Wu Ru အား တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအဖွဲ့က Drone ယာဉ် ၁ စင်း၊ မန်မိုရီစတစ် 64 GB ၁ ခု၊ Battery ၂ ခု၊ ရီမု ၁ ခု တို့အား သိမ်းဆည်းခဲ့ပြီး တရုတ်နိုင်ငံသားကို ခေါ်ယူမေးမြန်းခဲ့ရာ စေတီတော်ကို ဘုရားလာဖူးစဉ် Drone ယာဉ်နဲ့ အပျော်တမ်းမှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးခြင်းဖြစ်ကြောင်း၊ အလားတူ နောက်နောင် ထပ်မံမပြုလုပ်ဖို့ ရှင်းလင်းပြောကြားပြီး ပြန်လည်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ရွှေတိဂုံစေတီတော် ပရ၀ုဏ်အတွင်း မောင်းသူမဲ့ဒရုန်း လွှတ်တင်တာကို ပိတ်ပင်ထားပြီး လွှတ်တင်ပါက သွင်းကုန်ထုတ်ကုန် ဥပဒေအရ အရေးယူသွားမယ်လို့ ရွှေတိဂုံဂေါပဂအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ထုတ်ပြန်ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လကလည်း နေပြည်တော်မှာ ခွင့်ပြုချက်မရှိဘဲ ဒရုန်းလွှတ်တင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားတဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံသား Mr.MICHEL DESCLAUX ဟာ မြ၀တီနယ်စပ်ကနေ တရားဝင်ဗီဇာနဲ့ လာရောက်လည်ပတ်တာဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော် လွှတ်တော်နားမှာ ဒရုန်းလွှတ်တင် ဗွီဒီယို ရိုက်ကူးမိခဲ့တာကြောင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈  နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကလည်း နေပြည်တော် လွှတ်တော် အဆောက်အအုံနားမှာ ဒရုန်းလွှတ်တင်ခဲ့တဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ဦး၊ မြန်မာသတင်းထောက် ၁ ဦးနဲ့ ယာဉ်မောင်း ၁ ဦးတို့ကို လေကြောင်း အက်ဥပဒေ ပုဒ်မ ၁၀ နဲ့ ထောင်ဒဏ် ၂ လ စီချမှတ်ခဲ့ပါတယ်။
2 years Ago

December 20, 2018

ဒရုန်း ၂ စင်း ပျံသန်းမှုကြောင့် ဗြိတိန် ဂက်ဝစ်လေဆိပ် ရပ်နား၊ ခရီးသည်များ အခက်တွေ့

ဗြိတိန်နိုင်ငံရှိ ဂက်ဝစ်လေဆိပ်မှာ ဒရုန်းနှစ်စင်း ပျံသန်းနေတယ်လို့ သတင်းရတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လေဆိပ်ကို ဒီနေ့ ရပ်နားလိုက်ပါတယ်။ ခရီးသည်တွေအတွက်တော့ ခရစ္စမတ်အားလပ်ရက် ကာလအတွင်း အဆင်မပြေမှုတွေနဲ့ ကြုံခဲ့ရတာပါ။ လေယာဉ်တွေ ထွက်ခွာလို့မရသလို ဆင်းဖို့လုပ်ထားတဲ့ လေယာဉ်တွေလည်း တခြားလေဆိပ်တွေမှာ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတယ်လို့ လေဆိပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆင်မပြေဖြစ်ခဲ့ရတဲ့ ခရီးသည်တွေကို တောင်းပန်ကြောင်းနဲ့ ဘေးကင်းလုံခြုံမှုဟာ အရေးကြီးဆုံး ပထမဦးစားပေးအရာ ဖြစ်တယ်လို့ ဂက်ဝစ်လေဆိပ် တာဝန်ရှိသူက တွစ်တာမှာ ရေးသားထားပါတယ်။ မောင်းသူမဲ့ ဒရုန်းတွေနဲ့ လူစီးလေယာဉ်တွေကြား တိုက်မိလုနီးပါး ဖြစ်ခဲ့မှုတွေကြောင့် မကြာသေးမီ နှစ်တွေအတွင်း လေကြောင်းကဏ္ဍမှာ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ သင့်တော်တဲ့အချိန်ရောက်ရင် လေယာဉ်ပြေးလမ်း ပြန်ဖွင့်မှာဖြစ်ပြီး ထပ်မံအသိပေးသွားမယ်လို့ ရဲတပ်ဖွဲ့နဲ့အတူ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေတဲ့ လေဆိပ်က အသိပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခရီးသည်တချို့ကလည်း စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း လူမှုကွန်ရက် တွစ်တာပေါ် ရေးသားခဲ့ကြပါတယ်။ လန်ဒန်တောင်ပိုင်းမှာရှိတဲ့ ဂက်ဝစ်လေဆိပ်ဟာ ဥရောပရဲ့ အဝင်အထွက်အများဆုံး လန်ဒန်အနောက်ပိုင်း ဟိသရိုးလေဆိပ်နဲ့ အပြိုင်ဖြစ်ပါတယ်။
2 years Ago
More News
Up