ဒေါက်တာအောင်မိုးညို

December 13, 2020

တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရန် ခေါင်းဆောင် ၃ ဦး အန်အယ်လ်ဒီ ရွေးချယ်

အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေး တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် အန်အယ်လ်ဒီပါတီက ခေါင်းဆောင် ၃ ဦး ရွေးချယ်လိုက်ပါတယ်။ နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်(ယာယီ)မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပါတီဗဟို အလုပ်အမှုဆောင်အစည်းအဝေးမှာ အခုလို ဖွဲ့စည်းလိုက်တလို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ “တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးဖို့အတွက် ကျနော်တို့ ခေါင်းဆောင်သုံးဦး ရွေးလိုက်ပါတယ်။ တစ်က ဒေါက်တာအောင်မိုးညို၊ နှစ်က ဒေါ်နန်းခင်ထွေးမြင့်၊ သုံးက အင်ထုံးခါးနော်ဆန်ပါ။ သူတို့သုံးဦးကနေပြီးတော့ ကျနော်တို့ တိုင်းရင်‌သားနိုင်ငံရေးပါတီတွေနဲ့ ဦးဆောင်ပြီးတော့ ဆွေးနွေးမှာပါ။ အမြန်ဆုံးသူတို့ရဲ့ လုပ်ငန်းတွေကို စတင်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။” လက်ရှိအဖွဲ့ချုပ်က ဖွဲ့စည်းလိုက်တဲ့ ခေါင်းဆောင်တွေအနေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ဘုံသဘောထားတွေ ရရှိအောင် ဆွေးနွေးသွားမှာဖြစ်သလို အစိုးရသစ်ဖွဲ့စည်းရေးမှာလည်း ပါဝင်သင့်သူတွေ တင်ပြလာရင် ထည့်သွင်းစဉ်းစားသွားမယ်လို့ ဆိုပါတယ်။ “ကျနော်တို့က တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတဲ့အခါမှာ လတ်တလော အစိုးရဖွဲ့ရေးဆိုတာထက် အနာဂတ်ပြည်ထောင်စုသစ်ရဲ့ ပုံသဏ္ဌာန်ကို ကျနော်တို့ ဘုံသဘောတူညီမှုရအောင် လုပ်တာ ဖြစ်ပါတယ်။ သို့သော် တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ဒီပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရမှာ ပါဝင်သင့်တဲ့လူတွေ သူတို့ တင်ပြလာတယ်ဆိုရင်လည်း ဒါ ကျနော်တို့ ထည့်သွင်းစဉ်းစားရမယ်။ ပြန်လည်ညှိနှိုင်းမယ်၊ ဒါတော့ရှိပါတယ်။ တခါတည်းတော့ ပယ်ချမှာ မဟုတ်ပါဘူး ” လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲအပြီးမှာ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမယ့် ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းရင်းသားပါတီအတွေအနေနဲ့လည်း အဖွဲ့ချုပ်က ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို ပူးပေါင်းပါဝင်ဖို့ မျှော်လင့်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီ ဥက္ကဋ္ဌတွေကို လိပ်မူပြီး ထုတ်ပြန်ခဲ့ပါတယ်။ “တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ ကျနော်တို့မူဝါဒက ရှင်းပါတယ်။ နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပါ။ ဒီနေရာမှာ ကျနော်တို့ အမြဲတမ်း လွဲနေပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီလား၊ ဖက်ဒရယ်ဒီမိုကရေစီလား ဆိုပြီး ကျနော်တို့ ရည်ရွယ်တဲ့ ပြည်ထောင်စုဟာ ဒီမိုကရေစီအခွင့်အရေးတွေလည်း ရရမယ်။ ဖက်ဒရယ်အရ တန်းတူညီမျှမှု ရှိရမယ်။ ရှေ့ကရောက်တာ နောက်ကရောက်တာထက် သူ့ရဲ့ အရည်အသွေးတွေ ပြည့်စုံဖို့ ပိုအရေးကြီးတယ်လို့ ကျနော်တို့ မြင်ပါတယ်” လို့ ဆိုပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမယ့် ပြည်ထောင်စုအရေးကိစ္စကို လက်ခံကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
5 months Ago

November 9, 2020

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မဲအပြတ်အသတ်နိုင် 

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့တဲ့  အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအစိုးရ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆန္ဒမဲ အပြတ်အသတ်နဲ့ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရရှိခဲ့တယ်လို့ မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ မကွေးတိုင်းဒေသကြီးလွှတ်တော်နေရာအတွက် ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။  အဲဒီ မဲဆန္ဒနယ်မှာဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆန္ဒမဲ အရေအတွက် ၄၅,၀၁၉ မဲရရှိခဲ့ပြီးတော့ ကြံ့ခိုင်ရေးပါတီက မဲ ၁၃၀၀၀  ကျော်ရရှိကာ တောင်သူလယ်သမားပါတီက ၃၇၈ မဲရရှိခဲ့တာပါ။ ပွင့်ဖြူ တစ်မြို့နယ်လုံးမှာ ဆန္ဒမဲပေးခွင့်ရှိတဲ့သူ ၁၃၀,၀၀၀ ကျော်ရှိပြီးတော့ မဲလာပေးတဲ့သူ ၇၃,၀၀၀ ကျော်ရှိတဲ့အတွက် မဲပေးမှုရာခိုင်နှုန်း  ၆၈ ဒသမ ၇၁ ရာခိုင်နှုန်းရှိတယ်လို့ မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးမြင့်ကျော်ကပြောပါတယ်။ မင်းဘူးခရိုင်မှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်အရေတွက် ၅ သိန်းခွဲကျော်ရှိပြီးတော့ ၄၄၀,၀၀၀ ကျော် လာရောက်မဲပေးတဲ့အတွက် ၈၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ၃ ရာခိုင်နှုန်းကျော်တိုးလာတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ သတင်း-မင်းထီး Photo-Dr Aung Moe Nyo
6 months Ago
More News
Up