ဒေါက်တာမြင့်ထွေး

September 2, 2020

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ အရေးကြီးသည့် လမ်းဆုံလမ်းခွရောက်နေပြီဟု ဝန်ကြီးပြော 

လက်ရှိမှာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အခြေအနေဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွ အခြေအနေတခုကိုရောက်နေတာကြောင့် အမြန်တုံ့ပြန်ဆောင်ရွက်မှပဲ အချိန်တိုအတွင်း ထိန်းချုပ်နိုင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ မနေ့ကလုပ်တဲ့ ရခိုင်ပြည်နယ်မှာသာမက တိုင်းနဲ့ပြည်နယ်အားလုံးမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်ဖို့ ဗဟိုနဲ့ တိုင်းနဲ့ပြည်နယ် တာဝန်ရှိသူတွေ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ ရောဂါဟာ အချိန်တိုအတွင်း မြန်မြန်ကူးစက်ပြန့်ပွားနေတာကြောင့် အဆိုးဆုံးအခြေအနေကို မျှော်မှန်းပြီး ရထားတဲ့အရင်းအမြစ်တွေကို ထိထိရောက်ရောက်သုံးပြီး တုံ့ပြန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်တာနည်းတဲ့ တိုင်းနဲ့ ပြည်နယ်ဆေးရုံတွေအနေနဲ့ လူနာတွေများလာနိုင်တယ်ဆိုတဲ့ ခံယူချက်ကို နောက်ခံထားပြီး စောင့်ကြည့်လူနာတွေကို စနစ်တကျထားရှိရေးနဲ့ စီမံခန့်ခွဲရေး ကိစ္စတွေကို ဆန်းစစ်သုံးသပ်ပြီး ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားရမယ်လို့လည်း ပြောပါတယ်။ အခုရောက်နေတဲ့ ကပ်ရောဂါရဲ့ အခြေအနေနဲ့ အဆင့်မှာ ကိုဗစ်-၁၉ လူနာနဲ့ ထိတွေ့ခဲ့သူတွေကို အမြန်ဆုံးရှာဖွေဖော်ထုတ်တာဟာ အဓိကအကျဆုံးနဲ့ အရေးအကြီးဆုံး နည်းဗျူဟာဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ တခြားနေရာတွေကို ခရီးသွားခဲ့သူတယောက်ချင်းကို ဝန်ကြီးဌာနက ဖုန်းနဲ့ ဆက်သွယ်ပြီး ကျန်းမာရေးစစ်ဆေးဖို့နဲ့ အသွားအလာကန့်သတ်မှုခံယူဖို့ အကြောင်းကြားနေတာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်စေလိုတယ်လို့လည်း ပြောပါတယ်။ လက်ရှိရေးဆွဲထားတဲ့ လုပ်ငန်းလမ်းညွှန်တွေနဲ့ စံလုပ်ထုံးလုပ်နည်းတွေကိုလည်း ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ထပ်တွေ့တဲ့ အချက်အလက်အသစ်တွေ၊ ကူးစက်ပျံ့နှံ့ပုံစံတွေ၊ ပြောင်းလဲနေတဲ့ ရောဂါလက္ခဏာတွေ စတာတွေတွေကို ထည့်သွင်းစဉ်းစား မွမ်းမံရေးဆွဲပြီး တိုင်းနဲ့ပြည်နယ်တွေကို ဖြန့်ဝေနေတယ်လို့လည်း ပြောပါတယ်။ ပြီးတော့ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမယ့်ကာလ၊ လူနာတွေကို ကုသမှုပေးတာနဲ့ ဆေးရုံဆင်းခွင့်ပေးတဲ့ သတ်မှတ်ချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နဲ့ နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်တွေကို အခြေခံပြီး သက်ဆိုင်ရာ ပညာရှင်အသီးသီးနဲ့ ဆွေးနွေးတိုင်ပင် ပြုပြင်မွမ်းမံနေတယ်လို့လည်း ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက “ဒါတွေကတော့ ပညာရှင်တွေ တိုင်ပင်ဆွေးနွေးနေပါတယ်။ အတည်ပြုပြီးရင် ထုတ်ပြန်ပေးပါ့မယ်” လို့ ပြောပါတယ်။ လက်ရှိမှာတော့ လူနာတွေကို ဝေဘာဂီအထူးကုဆေးရုံ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတို့အပြင် ဖောင်ကြီးမှာလည်း ကိုဗစ်-၁၉ ကုသရေးဌာနဖွင့်လှစ်ပြီး ကုသနေပါတယ်။
8 months Ago

April 2, 2020

ကိုဗစ်ကာကွယ်ရေး အသံချဲ့စက်ဖြင့်လိုက်လံ ပညာပေးခြင်းက အထိရောက်ဆုံးဟု ဝန်ကြီးပြော

COVID-19 ရောဂါကာကွယ်ဖို့  နိုင်ငံအတွင်းရပ်ရွာတွေမှာ အသံချဲ့စက်ငယ်တွေနဲ့ လိုက်လံပညာပေးတာက အထိရောက်ဆုံး နည်းလမ်းဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်ပမှာ အလုပ်သွားလုပ်နေသူတွေ အပါအဝင် နိုင်ငံအတွင်း ပြန်ဝင်လာသူတွေကို ၁၄ ရက် စောင့်ကြည့် Quarantine လုပ်နေ ပေမယ့် Quarantine ဝင်နေသူတွေက ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး က  “ တစ်က ကျနော်တို့ နိုင်ငံမှာ ဆရာတို့အားလုံး သိတဲ့အတိုင်း ကုန်းလမ်းက ဝင်လာတာတွေ၊ နေ့စဉ်ထောင်နဲ့သောင်းနဲ့ ဝင်တယ်။ အဲ့တာတွေကို Quarantine လုပ်ထားတယ်။ လေဆိပ်က ဝင်လာတာတွေလုပ်တယ်။ ဆေးရုံမှာထားတာတွေ ရှိတယ်၊ ဟိုတယ်မှာ ထားတာရှိတယ်။ အဲ့ဒီ Quarantine ရမယ့်သူတွေက တပြည်လုံးပြန့်နေတယ်။ ဒီ Quarantine နေရာမှာ ရှိတဲ့သူတွေက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေအတိုင်းလုပ်ရင် ဘာမှ ကြောက်စရာမလိုဘူး။ အခုသွားတွေ့တာ အဲ့ဒီလုပ်ထားတဲ့သူတွေက ထွက်ပြီးတော့ အချင်းချင်း စကားပြောတာတို့၊ သုံးလေးယောက်လောက် ထိုင်နေတာတွေ၊ အဲ့တာတွေက လုံးဝမလုပ်သင့်ဘူး။ အဲ့ဒီတော့ ဒါကို ကျနော်တို့ အားဖြည့်နေတယ်။ အားဖြည့်နေတော့ ဆရာတို့ရဲ့အကူအညီတွေ အများကြီးလိုတယ်။ အဆင့်ဆင့်မှာလုပ်နေတဲ့အဖွဲ့အစည်းတွေအားလုံးက သွားပြီးတော့ ကြီးကြပ်ပြီး ဒါတွေမလုပ်ဖို့ အဲ့တာမျိုးကို guide လုပ်ပေးပါ။ ” လို့ ပြောပါတယ်။ CIVID-19 နဲ့ ပတ်သက်ပြီး ပြည်သူတွေသိသင့်တဲ့အချက်အလက်တွေနဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ သံသယလူနာစာရင်းနဲ့ ရောဂါပိုးတွေ့ရှိမှုတွေကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ခ်မှာ နေ့စဉ် တင်ပေးနေပေမယ့် ထိရောက်မှုအားနည်းနေပြီး အထိရောက်ဆုံးနည်းလမ်းကတော့ ရပ်ကွက်/ကျေးရွာတွေမှာ အသံချဲ့စက် စပီကာငယ်တွေနဲ့ လိုက်လံ သတိပေးခြင်းသာဖြစ်တယ်လို့လည်း ဆိုပါတယ်။ “ကျနော်က ထင်နေတာ ဝက်ဘ်ဆိုက်မှာ တင်နေတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်တယ်။ နှစ်သန်းကြည့်တယ်၊ သုံးသန်းကြည့်တယ် ကျေနပ်နေတာ။ မရဘူး။ မြန်မာပြည်မှာက ၅၂ သန်းရှိတယ်။ တောတွေ အများကြီးပါပဲ။ အဲ့ဒီတော့ အခုအချိန်မှာ အထိရောက် ဆုံးသော နည်းဗျူဟာက ဘာလဲဆိုတော့ စပီကာလေးတွေနဲ့ လိုက်ပြီးပြောတာ။ စပီကာလေးမှာ ပြောမှာက ဝက်ဘ်ဆိုက်မှာ အကုန်တင်ထားတယ်။ ၆ မျိုးရှိတယ်။ဒါတွေကိုသာ သေသေချာချာလုပ်နိုင်ရင် ပြီးပြီ” လို့ ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်ပြန့်ပွားနေတဲ့ COVID-19 ရောဂါ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက စတင်တွေ့ရှိခဲ့ရပြီး ဒီနေ့အထိ ရောဂါကူးစက်ခံရသူ ၁၆ ဦး သေဆုံးသူ ၁ ဦး  ရှိနေတာပါ။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
1 year Ago
More News
Up