ဒူးရင်းခြံပိုင်ရှင်

March 8, 2019

ဘတ်ငွေ ၁၀ သန်းရမည့် ထိုင်းသမက်လောင်းပြိုင်ပွဲ လျှောက်ထားသူ သောင်းချီ၍ ဖျက်သိမ်း

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ ဒူးရင်းသီးပွဲရုံပိုင်ရှင် သူဌေးတဦးက သမက်အလိုရှိကြောင်း ကြေညာထားပြီး ရွေးချယ်ခံရသူအနေနဲ့ ရင်းနှီးလုပ်ကိုင်စားသောက်ဖို့ ဘတ်ငွေဆယ်သန်းနဲ့ ကားဆယ်စီး လက်ဖွဲ့မယ်ဆိုတာကြောင့် တပတ်မတိုင်ခင် လျှောက်ထားသူပေါင်း သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ ဖခင်ဖြစ်သူ နိုင်းအားနွန်း ရုတ်ထောင်းန်က သမက်လောင်း လျှောက်ထားသူတွေရဲ့ ဖုန်းအဆက်မပြတ် ဝင်လာတာကြောင့် ဒူးရင်းသီးမှာယူမယ့် ဖောက်သည်တွေ မဆက်သွယ်နိုင်တော့ကြောင်း၊ နေ့ရောညပါ ဖုန်းလက်ခံ ပြောဆိုနေရတာမို့ အိပ်ရေးလည်းပျက်ပြီး အထူးသဖြင့် ဇနီးဖြစ်သူက ဒီလုပ်ရပ်ပေါ် စိတ်ဆိုးပြီး စကားမပြောတာ ၃ ရက်ရှိပြီလို့  သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် လာမယ့် ဧပြီ ၁ ရက်နေ့ လူတွေ့စစ်ဆေးဖို့ စီစဉ်ထားတဲ့ ကျန်ထပူရီ ကုန်လှောင်ရုံကြီးမှာ ကားရပ်တဲ့နေရာနဲ့ဆိုရင် လူပေါင်း ၃၀၀ လောက်သာ ဆန့်ပေမယ့် လျှောက်ထားသူမှာ တသိန်းခန့်ရှိတာမို့ နေရာအခက်အခဲ၊ ယာဉ်ပိတ်ဆို့မှုပြဿနာ၊ ယာဉ်မတော်တဆ ထိခိုက်မှု စိုးရိမ်စရာ၊ အနီးနားနေ ပြည်သူတွေကို အနှောင့်အယှက် ဖြစ်မှာစိုးတဲ့အတွက် သမက်ရွေးပွဲ အစီအစဉ် ဖျက်သိမ်းကြောင်း၊ လျှောက်ထားသူအားလုံးနဲ့ ထိုင်းတနိုင်ငံလုံးရှိ ပြည်သူတွေကို တောင်းပန်ကြောင်း နိုင်းအားနွန်း ရုတ်ထောင်းန်က ပြောပါတယ်။ သမက်လောင်းပြိုင်ပွဲ အစီအစဉ် မရှိတော့ပေမယ့် တချိန်ချိန် သမီးမှာ ချစ်သူရှိပြီး လက်ထပ်တဲ့အခါ နဂိုပြောထားတဲ့အတိုင်း ဘတ် ၁၀ သန်း၊ ကား ၁၀ စီး အရင်းအနှီး ထုတ်ပေးမယ်လို့လည်း ပြောသွားပါတယ်။ သမီးဖြစ်သူ ပွီ ခေါ် ကန်ဆီဒါ ရုတ်ထောင်န်းကလည်း အားလုံးကို တောင်းပန်ပါကြောင်း၊ သူမကို ချစ်သူအဖြစ် ရည်ရွယ်ပြီး ကြိုးစားလျှောက်ထားသူ အားလုံးကို ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် ဒီကိစ္စ မရုပ်သိမ်းရင် နောက်ဆက်တွဲပြဿနာတွေ အများကြီးဖြစ်လာနိုင်လို့ မိဘတွေနဲ့ တိုင်ပင်ကာ အခါခါစဉ်းစားပြီး ရုပ်သိမ်းလိုက်ရတာဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် ဖြစ်စေတော့မှာမဟုတ်လို့ ရင်ထဲမှာ တော်တော်ရှင်းသွားကြောင်း၊ ချစ်သူရွေးရာမှာတော့ တရက်တည်းနဲ့ ပြီးသွားတာမဟုတ်ဘဲ အချိန်ပေးပြီး စဉ်းစားရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ခုလို သမက်လောင်းရွေးပွဲ ရုပ်သိမ်းရတဲ့အပေါ်မှာ ပြစ်တင်ဝေဖန် လှောင်ပြောင်မှုတွေ ခံနေရသလို ထိုင်းနာမည်ကြီးရှေ့နေတဦးဖြစ်သူ ခွန်တေချာကလည်း ဒီကိစ္စ မကျေနပ်လို့ တိုင်တန်းသူရှိရင် လူမှုကွန်ရက်သုံးပြီး အများပြည်သူကို လိမ်လည်ရာမြောက်ရင် ကွန်ပျူတာဥပဒေအရ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ၁ သိန်း ကျခံရနိုင်တယ်လို့ ပြောပါတယ်။ သမက်လောင်း လျှောက်ထားသူတွေမှာ ဆယ်ကျော်သက်ရွယ် လူငယ်လေးတွေကစ အသက် ၇၀ ရွယ် အဘိုးကြီးတွေပါ ပါဝင်ပြီး တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ ကိုရီးယား စတဲ့ နိုင်ငံသားတွေပါ ပါဝင်ကြပါတယ်။ အဲဒီထဲမှာ မဟာဝိဇ္ဇာတန်းအောင်ပြီး ရုပ်လည်းချော၊ ကိုယ်ပိုင်ဒူးရင်းခြံလည်းရှိတဲ့ အသက် ၂၈ နှစ်အရွယ် ဂျီအို ဆိုသူ လူရွယ်တယောက်ကတော့ လူမှုကွန်ရက်မှာ အားပေးမှုအရဆုံး ဖြစ်ပါတယ်။ ဂျီအိုကတော့ လက်ဖွဲ့ငွေ ၁၀ သိန်းထက် ဘွဲ့ရပညာတတ်ပေမယ့် ပွီ ကို ဘဝင်မမြင့်ဘဲ သူ့လိုမျိုး မိဘလက်ငုတ်လက်ရင်း အလုပ်ကို လုပ်ကိုင်သူ ကြိုးစားသူအဖြစ် သဘောကျကြောင်း၊ သူကိုယ်တိုင်လည်း မြို့ကြီးကိုမခုံမင်၊ ဒူးရင်းခြံမှာသာ ပျော်မွေ့ပြီး ကိုယ်တိုင်ခြံလုပ်၊ ဆယ်ဘီးကား အပါအဝင် ကားမျိုးစုံမောင်းတတ်ကြောင်း၊ သောင်းနဲ့ချီတဲ့ သမက်လျှောက်ထားသူတွေရဲ့ ဖုန်းကို လက်ခံပြောနေရတဲ့ သူတို့သားအဖကို သနားလွန်းလို့ တော်ကြပါတော့လို့ မေတ္တာရပ်ခံလိုကြောင်း လူမှုကွန်ရက်မှာ ပြောပါတယ်။ သူကိုယ်တိုင်ကတော့ အဲဒီသားအဖနဲ့ စကားမပြောရသေးကြောင်း၊ ဧပြီ ၁ ရက် လူရွေးပွဲလည်း သွားမှာမဟုတ်ကြောင်း၊ ချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်တည်း နားလည်နိုင်တဲ့အရာ၊ သိမ်မွေ့နူးညံ့ပြီး ထိရှလွယ်တဲ့အရာဖြစ်ကြောင်း၊ အချစ်ရှိရင် အရာရာကို အတူတည်ဆောက်နိုင်ကြောင်း၊ လက်ဖွဲ့ ၁၀ သန်းကိုလည်း မလိုချင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ သမီးဖြစ်သူက သူ့ကို ချစ်စရာလေးပါလို့ပြောပြီး ဖခင်ကတော့ ဂျီအိုက ရုပ်ချောလွန်းတာကြောင့် သမီးဖြစ်သူ အသည်းခွဲခံရမှာစိုးလို့ သူသဘောကျတဲ့သူထဲ မပါသေးဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
2 years Ago
Up