ဒုံးကျည်ကာကွယ်ရေးစနစ်

March 8, 2019

ရုရှားမှ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်မည့်ကိစ္စ နောက်မဆုတ်ဟု တူရကီသမ္မတ ပြော

တူရကီအစိုးရဟာ ရုရှားကနေ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်မယ့် သဘောတူညီချက်ကို နောက်ဆုတ်မှာ မဟုတ်ဘူးလို့ တူရကီသမ္မတ တေယစ် အာဒိုဂန်က ပြောလိုက်ပါတယ်။ တူရကီဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ ရုရှားဆီကနေ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူတာကို နေတိုးမဟာမိတ်တွေက ဟန့်တားနေကြပါတယ်။ နေတိုးလေကြောင်းကာကွယ်ရေး စနစ်ထဲကို ရုရှားရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် ဝင်လာမှာကို လက်မခံနိုင်ဘူးလို့ အမေရိကန်ဘက်ကလည်း သတိပေးထားပါတယ်။ “ကျနော်တို့ ရုရှားနဲ့ သဘောတူလက်မှတ်ထိုးပြီးပါပြီ။ ဒီကိစ္စက ပြီးသွားပြီ။ နောက်ကြောင်းပြန်လှည့်လို့ မရဘူး။ စည်းကျော်လာတဲ့ အပြုအမူတွေက ကျနော်တို့နဲ့ မဆင်ပြေမှာ မဟုတ်ဘူး။ ဒါက ကျင့်ဝတ်နဲ့လည်း မညီပါဘူး။ ကျနော်တို့ သဘောတူချက်တခုလုပ်ရင် အဲဒီအတိုင်း ရပ်တည်သွားမယ်။ ကျနော်တို့လုပ်တာကို ဘယ်သူကမှ လာပြီး ဝင်မစွက်ဖက်သင့်ပါဘူး။ ကျနော်ကလည်း သာမန်ခေါင်းဆောင်တယောက် မဟုတ်ဘူး” လို့ တူရကီသမ္မတ တေယစ် အာဒိုဂန်က ပြောပါတယ်။ တကယ်လို့ တူရကီဟာ ရုရှားဆီက ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူမယ်ဆိုရင် Lockheed Martin F-35 တိုက်လေယာဉ် အစီအစဉ်မှာ တူရကီ ပူးပေါင်းပါဝင်တာကို ပြန်သုံးသပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အဲဒီပရိုဂရမ်အရ တူရကီဟာ အမေရိကန်နိုင်ငံဆီကို လေယာဉ်စက်ပစ္စည်းတွေ အခွန်လွတ် တင်ပို့ခွင့် ရထားပါတယ်။
2 years Ago

October 31, 2018

ဒုံးကျည်ကာကွယ်ရေးစနစ် အောင်မြင်စွာ စမ်းသပ်ခဲ့ဟု အမေရိကန်ပြော

အဓိက ဒုံးကျည် ကာကွယ်ရေးစနစ်ကို အောက်တိုဘာ ၂၆ ရက်က အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ပြီးပြီလို့ အမေရိကန်စစ်တပ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ အီရန်လိုနိုင်ငံတွေဆီက တာလတ်ပစ် ဒုံးကျည်တွေကို ပစ်ချဖို့ အမေရိကန်ရဲ့ စွမ်းရည်တိုးလာတာကို ပြနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ နောက်ဆုံး စမ်းသပ်ခဲ့တဲ့ The Aegis စနစ်ဟာ ရေသီယွန် ကုမ္ပဏီနဲ့ ဂျပန်ရဲ့ မစ်ဆူဘီရှိ အကြီးစား စက်မှုလုပ်ငန်း လီမိတက်တို့ ပူးတွဲထုတ်လုပ်တဲ့ ဒုံးခွင်းဒုံးစနစ်  Standard Missile 3 Block IIA နဲ့ ကိုက်ညီပါတယ်။ ဒါဟာ ဒုတိယမြောက် တဆက်တည်း အောင်မြင်မှုပါ။ အရင်အကြိမ်တွေက ကြားဖြတ် ဟန့်တားမှု မအောင်မမြင် ဖြစ်စေတဲ့ ပုံစံထုတ်မှု အားနည်းချက်တွေကို ပြင်ဆင်ဖြေရှင်း ပြီးတာမို့ အမေရိကန် လေကြောင်းရန်ကာကွယ်ရေး အေဂျင်စီကိုလည်း ယုံကြည်စိတ်ချမှု ပေးနိုင်မယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ လေကြောင်းရန် ကာကွယ်ရေးစနစ်များ တီထွင်စမ်းသပ်မှု တိုးမြှင့်ရေး အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Missile Defense Advocacy Alliance ရဲ့ ဥက္ကဋ္ဌ ရိခိ အယ်လစ်ဆန်ကတော့ ဒီစမ်းသပ်မှုဟာ ပိုလန်မှာ တပ်ချမယ့်စနစ်အတွက် စီမံကိန်းတွေကို သူ့လမ်းကြောင်းပေါ် ရောက်စေလိမ့်မယ်လို့ ပြောပါတယ်။ အီရန်ရဲ့ တိုက်ခိုက်မှုကို ဟန့်တားဖို့ ရည်မှန်းထားတယ်ဆိုတဲ့ အမေရိကန်ရဲ့ ဒုံးကျည် ကာကွယ်ရေး ကွန်ရက်ထဲမှာ ပိုလန်နိုင်ငံဟာလည်း အစိတ်အပိုင်းတခုအနေနဲ့ ပါပါတယ်။ ဒါပေမယ့် ဒီကွန်ရက်ကို ရုရှားက သံသယနဲ့ စောင့်ကြည့်နေပါတယ်။
3 years Ago
More News
Up