ဒီးမော့ဆို

January 23, 2023

ဒီးမော့ဆိုတွင် တိုက်ပွဲပြင်းထန်၊ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအနီး ဇန်နဝါရီ ၂၃ ရက် ဒီနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ KNDF တပ်ဖွဲ့ထံက သိရပါတယ်။

ဒီကနေ့တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF-10 က ရဲဘော်တဦး အပါအဝင် ပူးပေါင်းတပ်ဘက်က ၃ ဦးကျဆုံးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်လည်း ထိခိုက်ကျဆုံးမှုတွေရှိပေမဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ KNDF ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ထိုးစစ်ဝင်ရောက်မှုကြောင့် ဒီးမော့ဆိုအရှေ့ဘက်က နန်းဟူးကျေးရွာနဲ့ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လွိုင်ကော်-ဒေါဒမကြီးလမ်း ဖြတ်သန်းသွားလာမှု ရပ်ဆိုင်းခဲ့ရပါတယ်။

အခုရက်ပိုင်း အထူးသဖြင့် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ လာရောက်ပျံသန်းနေတာ ရှိတယ်လို့ ဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီခွဲဝန်းကျင်လောက်မှာလည်း  စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်က ကျေးရွာတခုမှာ ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၅ နှစ်အောက် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရသလို မိခင်ဖြစ်သူလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

လွိုင်ကော်မြို့ ဖာ့တီမာ မယ်တော်ဂူမှာလည်း ဇန်နဝါရီ ၁၉ ရက်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး မယ်စလောင်းတောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါ မယ်စလောင်းတောင်စခန်းဟာ စစ်ကောင်စီရဲ့ အမာခံတပ်စခန်းဖြစ်ပြီး အရင်ကတည်းက တိုက်ခိုက်ခံရပေမဲ့ သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိတဲ့ တပ်စခန်းဖြစ်ပါတယ်။

1 week Ago

January 20, 2023

ဒီးမော့ဆိုမြို့နယ်၌ ရွာထဲလက်နက်ကြီးကျပြီး လူနေအိမ်နှင့် တိရစ္ဆာန်အချို့ထိမှန် (ဓာတ်ပုံ )

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ  ဇန်နဝါရီ ၂၀ ရက်ရက် ဒီနေ့ မွန်းလွဲပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျေးရွာတရွာပေါ် ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တချို့နဲ့ ပြည်သူတွေမွေးထားတဲ့  တိရစ္ဆာန်တချို့ ထိမှန်သွားပါတယ်။

“အခုနက ၂ နာရီဝန်းကျင်လောက်က ဖြစ်သွားတာဆိုတော့ ရွာနာမည်ကိုတော့ ပြောပြလို့ မရသေးဘူး။ နွား နှစ်ကောင်၊ ဝက် တကောင်နဲ့ အိမ်ကတော့ အနည်းအကျဉ်းပဲထိတယ်”လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်သားတဦးက ပြောပါတယ်။

အခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ နေ့စဉ်နဲ့အမျှ ပြည်သူတွေရှိတဲ့နေရာကို ပစ်ခတ်တာတွေ လုပ်ဆောင်နေကြောင်းလည်း ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မိုးဗြဲမြို့နယ်က စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ၊ ၆ မိုင် စံပြ လမ်းမကြီးတလျှောက် စစ်ကောင်စီတပ်တွေ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တပ်ရင်း ၉ က ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က  ဒီးမော့ဆိုမြို့ အရှေ့ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ လူနေအိမ် ၁ လုံး ပျက်စီးသွားပါတယ်။

2 weeks Ago
More News
Up