ဒါဘီ

January 16, 2021

မန်နေဂျာတဦးအဖြစ် သမိုင်းသစ်ရေးသားချင်ပါတယ် - ဝိန်းရွန်းနီ

အင်္ဂလိပ်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးကစားသမားဘဝတွေထဲက တစ်ခုကို တိုက်စစ်မှူးဝိန်းရွန်းနီက သောကြာနေ့မှာ အဆုံးသတ်ခဲ့ပါတယ်။  ၂၀၀၂ ခုနှစ် အသက် ၁၆ နှစ်အရွယ် အဲဗာတန်ကစားသမားဘဝနဲ့ အာဆင်နယ်ဘက်ကို ဂိုးသွင်းလိုက်ခြင်းကနေ စတင်ခဲ့တဲ့ ရွန်းနီရဲ့ဂုဏ်သတင်းဟာ တစ်ပွဲပြီးတစ်ပွဲ မြင့်တက်လာခဲ့တာပါ။  သူဟာ အင်္ဂလန်နဲ့မန်ချက်စတာယူနိုက်တက်အသင်းအတွက် စံချိန်တင်ဂိုးသွင်းရှင်အဖြစ် အနားယူခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၂၀ ကစားကာ အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။  လက်ရှိအချိန်မှာတော့ သူဟာ ဒါဘီကောင်တီအသင်းအတွက် အမြဲတမ်းနည်းပြရာထူးကို စတင်တာဝန်ယူတော့မှာဖြစ်ပါတယ်။ “ဒါဘီနည်းပြသစ်ဟာ မြက်ခင်းပေါ်မှာ စစ်မှန်ပြီး အံ့သြစရာတွေပြည့်နှက်နေတဲ့ ကစားသမားဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တယ်” လို့ ဂယ်ရီလိုင်နီကာက ပြောပါတယ်။  လိုင်နီကာဟာ ရွန်းနီနဲ့ ဘော်ဘီချာတန်ပြီးနောက် အင်္ဂလန်အသင်းရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်ပါတယ်။  ရွန်နီးဟာ သူ့ရဲ့ မန်နေဂျာဘဝကို စတင်လိုက်ပြီဖြစ်ပြီး ယာယီနည်းပြဘဝမှာလည်း အသင်းရဲ့လိဂ်ပွဲစဉ် ၉ ပွဲမှာ ပေးဂိုး ၄ ဂိုးပဲ ပေးရကာ၊ ၂ ပွဲပဲ ရှုံးအောင် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။  “ဒီအသင်းကို အောင်မြင်မှုတွေဆီပြန်ပို့ပေးဖို့ ကြိုးစားခွင့်၊ ကူညီခွင့်ရတာ ကျနော့်အတွက်တော့ မဟာအခွင့်အရေးကြီးပါပဲ။ ကျနော့်အနာဂတ်ဟာ မန်နေဂျာဘက်မှာပါ။ ကျနော်ဟာ အနိမ့်အမြင့်၊ အတက်အကျများတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဘယ်အရာကမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ မန်နေဂျာတဦးအဖြစ် သမိုင်းသစ်ရေးသားချင်ပါတယ်။ ကျနော့်ဘဝတလျှောက်လုံး ဘောလုံးကစားခဲ့တာဖြစ်တာကြောင့် အခုချိန်ထိ ဘောလုံးနဲ့ပတ်သက်ခွင့်ရနေသေးတာ ကံကောင်းပါတယ်။ ဒါဟာ ကျနော့်အတွက် စာမျက်နှာသစ်ပါ။ ကစားသမားဘဝကို သတိရနေမှာလားဆိုတော့ သေချာတာပေါ့ဗျာ။ ဒါပေမယ့်အချိန်တွေက သွားနေတာလေ။ ကျနော့်အတွက် ကျနော့် အချိန်ဆိုတာရှိခဲ့သလို အခုချိန်က နောက်လာမယ့်မျိုးဆက်သစ်တွေအတွက် အချိန်ဖြစ်ပါတယ်။ ကျနော်က သူတို့ကို လမ်းပြပေးရပါမယ်” လို့ရွန်းနီက ပြောပါတယ်။ ရွန်းနီရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းဖော်ဟောင်း စတီဗင်ဂျရတ်ကလည်း ရွန်းနီနဲ့ တွဲကစားခွင့်ရခဲ့တာ ဂုဏ်ယူစရာဖြစ်ပြီး ဒါဘီအသင်းမှာ  အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။  ရွန်းနီဟာ ဒါဘီအသင်းနဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး အမှတ်ပေးဇယားအောက်ရောက်နေတဲ့ အသင်းကို တန်းဆင်ဇုန်ပြင်ပကို ဆွဲထုတ်ဖို့အတွက် နီးစပ်နေပြီလည်း ဖြစ်ပါတယ်။ ရွန်းနီဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ လုံးရရှိခဲ့သူဖြစ်ကာ ချန်ပီယံဖလား၊ အက်ဖ်အေဖလားနဲ့ အီအက်ဖ်အယ်လ်ဖလားတို့မှာလည်း အောင်မြင်မှုရရှိခဲ့ပါတယ်။  သူဟာ ၂၀၀၉-၁၀ ရာသီမှ ပီအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ်လဲ သတ်မှတ်ခံခဲ့ရပါတယ်။  ရွန်းနီဟာ အိုးထရက်ဖို့ဒ်မှာ ၂၀၀၄ ကနေ ၂၀၁၇ အထိကစားခဲ့သူဖြစ်ပြီး အသင်းအတွက် ၂၅၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သူဟာ ၅၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။
4 months Ago

March 15, 2020

ဖာဂူဆန်၊ ဗန်ဟားနှင့် မော်ရင်ဟိုတို့ကို အတုယူပြီး နည်းပြဖြစ်ချင်သည့် ရွန်းနီ

နည်းပြဘဝကို ကူးပြောင်းဖြစ်ခဲ့ရင် မန်ချက်စတာယူနိုက်တက်အသင်း နည်းပြဟောင်းတွေဆီက ဘယ်လိုအရာတွေကို အတုယူ အသုံးချသွားမလဲဆိုတာကို တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်းဟာ ယူနိုက်တက်အသင်းအတွက် ၁၃ နှစ် ကြာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၅ လုံးနဲ့ ချန်ပီယံလိဂ်ဖလား တကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ယူနိုက်တက် ကစားသမားဘဝအတွင်း ဖာဂူဆန်၊ ဗန်ဟား၊ မော်ရင်ဟို စတဲ့ ထိပ်တန်းနည်းပြတွေအပြင် မိုယတ်၊ ဂစ်တို့နဲ့ပါ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ရွန်းနီဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် အသင်းဟောင်း အဲဗာတန်ကို တရာသီ ပြန်လည်ပြောင်းရွှေ့ခဲ့ကာ နောက်ပိုင်းမှာတော့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို ရောက်ရှိခဲ့ပါတယ်။  အခုချိန်မှာတော့ သူဟာ အင်္ဂလန်ကလပ် ဒါဘီအသင်းကို ကစားသမား၊ နည်းပြအဖြစ် တာဝန်ယူနေသူဖြစ်ပြီး မဝေးတော့တဲ့ အနာဂတ်မှာ နည်းပြဘဝကို ခြေစုံပစ်ဝင်ရောက်ဖို့ အလားအလာရှိနေသူလည်း ဖြစ်ပါတယ်။ ရွန်းနီ “ဗန်ဟားရဲ့ ကြိုတင်ပြင်ဆင်မှု၊ ဖာဂီရဲ့ ကစားသမားတွေအပေါ် စီမံခန့်ခွဲမှုနဲ့ မော်ရင်ဟိုရဲ့ ခေါင်းမာမှုတွေဟာ ကျနော့်အထင်တော့ ခင်ဗျား လိုတဲ့အရာတွေ ဖြစ်လာနိုင်ပါတယ်” The Sunday Times သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဟောင်း ဆမ်အလာဒိုက်နဲ့ ပတ်သက်ပြီးလည်း ရွန်းနီက “ဆမ်အလာဒိုက်က သူ ဘာလိုချင်လဲဆိုတာကို သေသေချာချာ သိပါတယ်။ ခင်ဗျားအနေနဲ့ ခင်ဗျားအသင်းရဲ့ လုပ်နိုင်စွမ်းကိုသာ စီမံခန့်ခွဲနိုင်မှာဖြစ်ပြီး ဒါဟာ ဆမ် လုပ်ခဲ့တဲ့အရာပဲ။ ကျနော် ဒါကို လိုက်ပါဆောင်ရွက်နိုင်ခဲ့ပြီဆိုရင် ကျနော်ဟာ ကိုယ်ပိုင်ဟန်ပန်တခုကို ရယူနိုင်ပြီ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်‌။ အိုးထရက်ဖို့ဒ် ကစားသမားအဖြစ် ရှိနေစဉ် အချိန်တွေမှာ ရွန်းနီဟာ ဖာဂူဆန်နဲ့ အဓိက လက်တွဲခဲ့သူဖြစ်ပြီးတော့ နည်းပြဟောင်းကိုလည်း ချီးကျူးဂုဏ်ပြုပြောပါတယ်။ “သူဟာ တကယ့်ကို အံ့သြစရာကောင်းသူပါ။ သူ့ရဲ့အကြီးမားဆုံး အားသာချက်က သူဟာ လူတွေကို ယုံကြည်မှုရှိတာပါ။ သူဟာ သူ့နည်းပြတွေကို လေ့ကျင့်ရေမှာ ဦးဆောင်ခိုင်းဖို့ ယုံကြည်မှုရှိသူ ဖြစ်ပြီး ကစားသမားတွေအပေါ်လည်း ဒီလိုပါပဲ။ ကျနော်တို့ကို လူတွေက ဖာဂီ ကစားသမားတွေကို ဘာတွေပြောလဲ ခဏခဏ မေးလေ့ရှိပါတယ်။ သူ အသင်းအပေါ် အများဆုံး ပြောခဲ့တဲ့ စကားကတော့ ‘မင်းတို့ ၁၁ ယောက်က သူတို့အသင်းထက် ပိုကောင်းတယ်‌။ သွား၊ ကွင်းထဲဝင်ပြီးတော့ အနိုင်ယူပြလိုက်စမ်း’ ဆိုတာပါပဲ။” ရွန်းနီဟာ ယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုနဲ့ ၅ ရာသီ တွဲဖက်ကစားခဲ့ဖူးသူ ဖြစ်ပြီး သူနဲ့ ရော်နယ်ဒိုတို့ကြားမှာရှိတဲ့ အမှတ်တရတခုကိုလည်း အခုလိုပဲ ထုတ်ဖော်ပြောဆိုပါတယ်။  “ကျနော်တို့ ပွဲမကန်ရသေးတဲ့ ညတညက အဖြစ်အပျက်ကို မှတ်မိနေဆဲပါပဲ။ အဲဒီတုန်းက သူဟာ ပိန်ပိန်လေးပဲ ရှိနေပြီးတော့ သူ့ခန္ဓာကိုယ်ကို ကြီးထွားလာအောင် လုပ်နေပါတယ်။ သူဟာ ဟမ်ဘာဂါကြီးကြီးတခုကို စားချင်နေခဲ့ပြီးတော့ ကျနော် သူ့ကို မက်ဒေါ်နယ်ဆိုင်ကို ကားမောင်းပို့ပေးခဲ့ဖူးပါတယ်။”
1 year Ago
More News
Up