ဒလန်မိသားစု

September 27, 2021

ထီးချိုင့်မြို့နယ်တွင် ဒလန်မိသားစုလိုက် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အေးချမ်းလွင်ကျေးရွာမှာ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီခွဲလောက်က စစ်တပ်သတင်းပေးဒလန် ဖိုးတုတ် အပါအဝင်မိသားစုဝင် ၄ ဦးကို အမည်မသိလူတစ်စုက ကားနဲ့လာရောက်ပြီး သေနတ်တဲ့ ပစ်သတ်သွားတယ်လို့သိရပါတယ်။

ပစ်သတ်ခံရသူလေးဦးရဲ့ရုပ်အလောင်းတွေကို စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီအထိ လာမကောက်သေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

"အပစ်ခံရတာ ဟုတ်တယ်ဗျ။ ညက ၈ နာရီခွဲဝန်းကျင်လောက်ပဲ  ကားနဲ့ လာပစ်သတ်သွား တာ။ အခုထိတော့ အလောင်းလာမကောက်ကြသေးဘူး။ ‌လူကြီးတွေတော့ အဲ့ဒီ အိမ်ဘက်သွားတာ တွေ့နေရတယ်။ ကျနော်တို့လည်း ကြောက်တော့ သွားမကြည့်ရဲဘူးဗျ။ အရွယ်ရောက်ပြီးသားသူ လေးယောက်စလုံးကို ပစ်သတ်သွားတာ အရွယ်မရောက်သေးတဲ့ ၃ နှစ်သားအရွယ်ကလေးက တော့ ဘာမှမဖြစ်ဘူး။ အခုအပစ်ခံရတဲ့ ကိုဖိုးတုတ်က ဆန္ဒပြတာတွေရှိရင် သူက တပ်ကို သတင်းပေးတယ်။ CDM တွေကိုသတင်းပေးပြီး ဖမ်းခိုင်းတာတွေရှိတယ်။ သူ့ကြောင့် CDM တွေရော လူငယ်ပိုင်းတွေပါ ထွက်ပြေးရပေါင်းမနည်းတော့ဘူးလေ”လို့ ဒေသခံတဦးက ပြောပါတယ်။

အေးချမ်းလွင်ကျေးရွာဟာ အနီးအနားတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတစ်ချို့က မိသားစုတွေ ရွှေ့ပြောင်းနေထိုင်ကြရင်း ရွာဖြစ်တည်လာတာလို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒဖော်ထုတ်မှုတွေ မကြာခဏပြုလုပ်နေတဲ့ရွာဖြစ်ပြီး ပစ်သတ်ခံရတဲ့မိသားစုကတော့ ထီးချိုင့်မြို့နယ် ကြက်တကောင်ကျေးရွာကနေ ပြောင်းရွှေ့နေထိုင်သူတွေ ဖြစ်ပါတယ်။

2 months Ago
Up