ဒဂုံဆိပ်ကမ်း ပေါက်စီမုန့်လုပ်ငန်းပိုင်ရှင်

November 26, 2020

ဒဂုံဆိပ်ကမ်း ပေါက်စီမုန့်လုပ်ငန်းပိုင်ရှင်၏ မိသားစုဝင် ၂ ဦးနှင့် မြို့နယ်စခန်းမှူးတို့တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ကလေးလုပ်သားတွေကို ညှဉ်းပန်းနှိပ်စက်တယ်လို့ စွပ်စွဲခံရတဲ့ လိုတရ၊ ရွှေစံလှမုန့်လုပ်ငန်းပိုင်ရှင်ရဲ့ မိသားစုဝင်နှစ်ယောက်နဲ့ ဒီအမှုကို ကိုင်တွယ် ဖြေရှင်းပေးနေတဲ့ မြို့နယ်စခန်းမှူးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က ပြောပါတယ်။ အဆိုပါမုန့်လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ ကလေးလုပ်သား ၁၈  ယောက်လောက်ကို  လူမှုဝန်ထမ်းသင်တန်းကျောင်းမှာထားရှိဖို့  နိုဝင်ဘာ ၂၁ ရက်က  ကိုဗစ်- ၁၉ ရောဂါရှိ မရှိ စစ်ဆေးတဲ့အခါမှာ ကလေး ၁၀ ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။  ဒါကြောင့် ကလေးတွေနဲ့ထိတွေ့မှုရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ လူမှုဝန်ထမ်းတွေနဲ့ အလုပ်ရှင်တို့ကို စစ်ဆေးခဲ့ရာမှာ မုန့်လုပ်ငန်းပိုင်ရှင်ရဲ့ ညီဖြစ်သူ၊ အစ်မဖြစ်သူနဲ့   ရဲစခန်းမှူးတို့ မှာလည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့တာပါ။ ရောဂါပိုးကူးစက်ခံထားရသူ  စုစုပေါင်း ၁၃ ယောက်ကို  ရိုးမရိပ်သာကုသရေးစင်တာသို့ ပို့ဆောင်ထားပြီး ကျန်ကလေးငယ်တွေနဲ့ ထိတွေ့မှုရှိသူတွေကို  မြို့နယ်ကွာရန်တင်းစင်တာတွေမှာ ထားရှိတယ်လို့သိရပါတယ်။ ဒီနေ့အချိန်ထိ အဆိုပါဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူပေါင်း ၄၀ ကျော်ကို စစ်ဆေးပြီးပြီ ဖြစ်ပြီး ထပ်မံစစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့လည်း မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က ပြောပါတယ်။ မုန့်လုပ်ငန်းပိုင်ရှင်တွေကိုတော့  မြို့နယ်ရဲစခန်းက နာကျင်စေမှုဥပ​ဒေနဲ့ အမှုဖွင့်ထားပြီး စည်ပင်ကလည်း အမှုတစ်ခုဖွင့်ကာ လုပ်ငန်းရပ်ဆိုင်းထားပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကတော့ အလုပ်သမားခေါင်းပုံဖြတ်မှု တွေကို အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့နဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနတို့ကို စာတင်ထားပြီး ကလေးတွေကို အသေးစိတ်ထပ်မေးလို့ရရင် ​ရှေ့နေတွေနဲ့တိုင်ပင်ပြီး အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်မယ်လို့သိရပါတယ်။ သတင်း-အိသဇင်ခိုင်
6 months Ago
Up