ထွန်းဇော်ဌေး

May 28, 2020

ပန်းကလေးများပွင့်တော့မည်

“ကျောင်းတခါးကြီးပွင့်လေပြီ။ မိုးဦးရာသီ၊ မိုးရာသီ။ လွယ်အိတ်ကိုယ်စီ လွယ်ပါလို့။  ကျောင်းကိုသွားစို့ ကျောင်းသွားစို့။” ကျောင်းများပြန်လည်ဖွင့်တော့မည်ဆိုသည်နှင့် ကဗျာဆရာတင်မိုး၏ ‘ကျောင်းတော်ဝင်’ ကဗျာလေးကို အော်ဟစ်သီဆိုရင်း ကျောင်းတက်ခဲ့ရသော ကလေးငယ်ဘဝကို ပြန်လည် ခံစားလိုက်ရသည်။ မိုးဦးကာလရောက်ပြီ။ မိုး တစ်ပြိုက် နှစ်ပြိုက်ကျသည်နှင့် ရောင်စုံပန်းတို့ ဖူးတံချီကာ ပွင့်ကြတော့မည်။ ပူပြင်းသော နွေဥတုကို ဖြတ်ကျော်လွန်မြောက်စပြုပြီ။ အပူရှိန်ကား လုံးဝ လျော့ပါးသွားသည်တော့မဟုတ်။ သည်အချိန် သည်ကာလရောက်သည်နှင့် စိန်ပန်းတို့ ရဲရဲနီပွင့်ကြပြီ။ ကျောင်းဖွင့်ချိန်၏ သတိပေးခေါင်းလောင်းထိုးသံတခုဟုပင် ထင်ရသည်။ ပုံမှန်ဆိုလျှင် ဇွန်လဆန်းသည် ကျောင်းဖွင့်ချိန်ပင်ဖြစ်ခဲ့သည်။ ကျောင်းဖွင့်သည်နှင့် အဖြူအစိမ်းဝတ်ကလေးငယ်တို့ လန်းဆန်းတက်ကြွ သစ်လွင်တောက်ပစွာ ကျောင်းသွားကြပုံကို မြင်ယောင်မိသည်။ အချို့ကလေးငယ်တို့ကား အမေ့ရင်ခွင်ထဲမှထွက်၍ မသွားလိုကြသည်လည်းရှိသည်။ အချို့လည်း အော်ဟစ်ငိုယို ရုန်းကန်ရင်း ကျောင်းသို့ ရောက်သွားရသည်တို့လည်းရှိသည်။ မိဘက အတင်းအကျပ် ရိုက်နှက်၊ ကျောင်းပို့ရသည်တို့လည်း ရှိတတ်စမြဲပင်။ ထိုကလေးငယ်တို့သည်လည်း တဖြည်းဖြည်း ကျောင်းနေပျော်လာကြတော့သည်။ ဤကား ကလေးငယ်တို့၏ သဘာဝတခုပင်။ မှန်သည်။ ကလေးငယ်တယောက်အဖို့ အမေ့ရင်ခွင်သည်သာ သူ့အတွက် အလုံခြုံဆုံးဖြစ်သကဲ့သို့ သူ့ကမ္ဘာလည်းဖြစ်သည်။ အမေ့ရင်ခွင်သည်သာ သူ့အတွက် လွတ်လပ်ပျော်ရွှင်ဆော့ကစားရာနယ်လည်းဖြစ်သည်။ လွတ်လပ်ပျော်ရွှင်ကြည်မွေ့ဖွယ်ရာ အမေ့ရင်ခွင်မှခွဲခွာ၍ သွားရောက်သင်ကြားရမည့်စာသင်ခန်းသည်လည်း ကလေးငယ်အတွက်မူ လွတ်လပ်ပျော်ရွှင် နားခိုနေရာတခု ဖြစ်သင့်ပေသည်။ လေးဘက်လေးတန်အကာအရံသည် ကလေး ငယ်ကို မွန်းကျပ်လာခြင်းမဖြစ်အောင် လွတ်လပ်ပျော်ရွှင်ခွင့်ပေးကြရလိမ့်မည်။ ကလေးငယ်အတွက်လည်း လောကသစ်၊ ဝန်းကျင်သစ်တွင် သင်ယူမှုအသစ်တို့ စတင်သောအချိန်ပင်။ ‘သူငယ်တန်း’ဟုဆိုသော်လည်း ကလေးငယ်၏ ပတ်ဝန်းကျင်မှ သင်ယူမှုအစဖြစ်သဖြင့်လည်း အရေးကြီးဆုံးအချိန်ဟုဆိုရမည်သာ။ တကယ်တမ်းပြောရလျှင် ကလေးငယ်သည် ကျောင်းသို့မရောက်မီ သူကျင်လည်ခဲ့ဖူးသောပတ်ဝန်းကျင်ကို ပုံရိပ်တခုလို စွဲနေတတ်သည်။ သူ့ဝန်းကျင်သည် ရောင်စုံပန်းခင်လည်းဖြစ်နိုင်သည်။ ကစားကွင်းလည်းဖြစ်နိုင် သည်။ အမေ၏ချော့မြှူခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကလေးငယ်ကျင်လည်သင်ယူခဲ့ဖူးသော ပတ်ဝန်းကျင်ဟောင်းနှင့် ပတ်ဝန်းကျင်သစ်ဖြစ်လာမည့် ကျောင်းတို့ အဆက်အစပ်ရှိရန်လိုအပ်သည်။ ကလေးငယ်ကျင်လည်ခဲ့ရာဝန်းကျင်အဟောင်းသည် ကျယ်ပြန့်၍ လွတ်လပ်သောဝန်းကျင်ဖြစ်သည်။ ကျဉ်းမြောင်းသော စာသင်ခန်းတခုမဟုတ်။ သို့ရာတွင် မြို့ကြီးများ၌ ကလေးငယ်၏ စာသင်ခန်းသည် မကျယ်ပြန့်နိုင်။ သို့အတွက် ကလေးငယ်တို့ကျင်လည်ခဲ့ဖူးရာ ပတ်ဝန်းကျင်အဟောင်းနှင့် ဆိုင်သော ကဗျာ၊ ပန်းချီ၊ အနုပညာများဖြင့် ရွတ်ဆိုစေခြင်း၊ တေးသံအချို့ကို သံပြိုင်သီ ဆိုစေခြင်းတို့ဖြင့် ဝန်းကျင်ဟောင်းကို နိုးဆွပေးကြရမည်သာ။ ဤကာလတွင် ကလေးငယ်ကို လွတ်လပ်စွာပတ်ဝန်းကျင်မှ သင်ယူခွင့်ပေးကြရမည်ဖြစ်သည်။ ယင်းသို့သောကလေးငယ်လွတ်လပ်ခွင့်အရေးပါခြင်းကြောင့် ပြင်သစ်ပညာရှိ ရူးဆိုးက ကလေးငယ်၏ လွတ်လပ်ခွင့်ကို စတင်တိုက်ပွဲဝင်ပေးခဲ့သည်ဟုဆိုရသည်။ သူ့အယူအဆတွင် ပညာရေးမှာ “ကလေးငယ်တွေကို လေးစားရမည်။  ကလေး၏ သဘာဝလိုအင်ကို ထည့်တွက်ရမည်။ စာအုပ်ကြီးများဖြင့် ဖိပြီးသင်မပေးရ။ ကလေးခါးချိသွားမည်။ ကလေး၏ဆရာအစစ်သည် သဘာဝတရားသာ။ အတွေ့အကြုံကသူ့ကို သင်ကြားပေးသွားလိမ့်မည်”ဟု ဆိုခဲ့ပါသည်။ ပညာရေးသည် ကလေးငယ်၏သဘာဝအပေါ် အခြေခံသင့်သည်။ လက်တွေ့ဘဝကို အခြေခံ၍ အရာရာကို စူးစမ်းခွင့်ပေးရမည်ဟု ယူဆသူတို့လည်းရှိပါသည်။ ဆရာမောင်ဖြူးကတော့ “ကလေးဟာ သူ့ကိုသင်ခြင်းထက် ညွှန်ကြားမှုကို နှစ်သက်တယ်။ သူ့ဖာသာလုပ်ကြည့်လိုတယ်။ ကလေးခေါင်းထဲကို အသိပညာရိုက်မသွင်းရဘူး။ သူ့ဦးနှောက်မှာရှိတဲ့ သူ့ရဲ့ ဉာဏ်စွမ်းဉာဏ်စကို ထုတ်ယူမှပညာဖြစ်တယ်။ ကလေးကို ချော့တာချောက်တာမလုပ်ရဘူး။ ချစ်ပြီးသင်တာကမှ နည်းကောင်းလမ်းမှန်”ဟုဆိုသည်။ ဆရာမောင်ဖြူးပြောလိုသော ‘ချော့’တယ်ဆိုတာ ကလေးငယ်ကို “အများထက်ထူးချွန်ရမယ်။ ပထမရရမယ်။ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ စစ်ဗိုလ်ကြီးဖြစ်ရမယ်”ဆိုတဲ့ အခွင့်ထူးခံစိတ်ဝင်လာအောင် လှုံဆော်ပေးတဲ့၊ သွေးဆောင်ခြင်းအပိုင်းကို ဆိုလိုဟန်ဖြစ်တယ်။ တဆုံးမထဲ ဆုံးမနေတာတွေကိုတော့ ဆရာမောင်ဖြူးကလက်မခံပါဘူး။ ကလေးငယ်ရဲ့ ဖြူစင်သန့်ရှင်းတဲ့ ဦးနှောက်ကို  အစွန်းအထင်းမခံစေချင်ဟန် ရှိသည်။ ဆရာမောင်ဖြူးသည် အစဉ် အလာမှ ကလေးတွေအပေါ်တွင် မိဘနှင့်ဆရာသမားများ ကျင့်သုံးခဲ့သည့် “စေတနာအာဏာရှင်”မျိုးကို မကျင့်သုံး စေလိုဟန်ကိုလည်း ဖော်ပြခဲ့ပါသည်။ ကလေးငယ်များ၏ပညာရေးနှင့်ပတ်သက်၍ သမားစဉ်များ၏ မျှော်မြင် စဉ်းစားခဲ့ကြသည်တို့မှာလည်း မှတ်သားနာယူဖွယ်ရာပင်။ ‘ကစားခြင်းသည်ကလေး၏အလုပ်’ ဆိုသကဲ့သို့ ကလေးငယ်များအား စာအုပ်ကြီးနှင့်ဖိထားခြင်းထက် ပျော်ရွှင်လွတ်လပ်ပေါ့ပါးစွာ သီဆိုကခုန် ဆော့ကစားရင်း ဖူးပွင့်လာစေရန်မှာ ဆရာမိဘနှစ်ဖြာ သတိပြု စောင့်ရှောက်ကြရမည်သာ ဖြစ်သည်။ မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည့် အခြေခံပညာမူလတန်းအဆင့် ကလေးငယ်များ၏  “ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လိုချီ။  နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း။” ဆိုသော စာအံသံများ ကိုဗစ်-၁၉ အန္တရာယ်ကင်းကင်းဖြင့် မြန်ပြည်အနှံ့ ကြည်ကြည်မြမြ ပျံ့လွင့်နိုင်ကြတော့မည်ဖြစ်သည်။ ကလေးငယ်များ ‘လွယ်အိတ် ကိုယ်ဆီလွယ်’ လျှက် ပန်းပေါင်းတရာ ဖူးပွင့်ရာဆီသို့ ပျော်ရွှင်စွာ ‘ကျောင်းတော်ဝင်’နိုင်ကြပါစေသတည်း။ ထွန်းဇော်ဌေး
1 year Ago

April 23, 2020

ချိုးမကူ ကျည်မစဲ တိုက်ပွဲတွေက ညံစီစီ

ဧပြီ ၂၁ ရက်နေ့။  မြန်မာနိုင်ငံကုလသမဂ္ဂရုံးရှေ့ကအလံတိုင်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် အလံ တိုင်တဝက် လွှင့်ထူထားတာကိုတွေ့တော့ စိတ်ထဲမသာမယာဖြစ်ခဲ့ရတယ်။ ဖြစ်ရပ်တွေကပဲ မယဉ်ကျေးတာလား အရိုင်းစိတ်ပဲ ဝင်နေသလားမပြောတတ်။ စစ်ဆိုတာ မနူးညံ့မှန်းတော့ အစကတည်းသိခဲ့ပါတယ်။ ဘယ်စစ်ပွဲမှာမဆို ကြက်ခြေနီတို့၊ ကျန်းမာရေးအဖွဲ့အစည်းတို့ကို စစ်မြေပြင်မှာတောင် ဂရုစိုက်ရှောင်ကွင်းပြီး လိုတာကူညီမစကြရမြဲပါ။ အခုတော့ WHO ဆိုတဲ့ တံဆိပ်ကြီးထင်ထင်ရှားရှားပါတာတောင်မှ လက်ရှောင်မပေး နိုင်ကြဘူး။ ရက်စက်ခြင်းထက် မိုက်မဲခြင်းက ပိုမယ်ထင်ရပါတယ်။ ကျည်လာရာနဲ့လားရာကို မခန့်မှန်းတတ်ပေမယ့် ဒါဟာ စစ်ဖြစ်နေစဲ လောလောလတ်လတ် တိုက်ပွဲဖြစ်နေတာမဟုတ်လို့ ရမ်းသန်းပစ်ခတ်နေတယ်လို့တော့ မဆိုနိုင်ပါဘူး။ သေသေချာချာကို ချိန်ရွယ်ပြီးပစ်ခတ်တာပဲ ဆိုတာလောက်တော့ ခန့်မှန်းလို့ရနိုင်ပါတယ်။ ဒါအပြင် စနိုက်ပါနဲ့ ချိန်ရွယ်ပြီးပစ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ခြေရှိ နေပါတယ်။ ဒါက ဘာကိုဖေါ်ပြနေသလဲဆိုတော့ ရည်ရွယ်ချက်ရှိရှိ ဦးတည်ချက်ရှိရှိနဲ့ လုပ်ဆောင်နေ လေသလားဆိုတဲ့ သံသယကိုဖြစ်ပေါ်စေပါတယ်။ တနည်းပြောရရင် နိုင်ငံရေးကြံရွယ်မှုပါတဲ့ လုပ်ရပ်လို့တောင်ဆိုနိုင်ပါတယ်။ တယောက်တယောက် အပုတ်ချလိုစိတ်နဲ့ မိုက်မိုက်မဲမဲ ကြံရွယ်ခဲ့ကြဟန်ပါပဲ။ ကျန်းမာရေးပရဟိတအဖွဲ့တို့ ကြက်ခြေနီတို့ကို ပစ်ခတ်တာဟာ ရခိုင်ပြည်နယ်မှမဟုတ်ဘူး။ အရင်ကလည်း ရှမ်းမြောက်မှာ ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုကြက်ခြေနီအဖွဲ့ကို တိုက်ခိုက်ခံရတာမျိုးဟာ မြန်မာနိုင်ငံမှာ အရင်ကမကြုံဘူးခဲ့ပေမယ့် ၂၀၁၅ လောက်ကစပြီး ဒီဖြစ်ရပ်တွေကြုံတွေ့လာရတယ်။ လောက်ကိုင်ကနေ ကွမ်းလုံကို စစ်ဘေးရှောင်တဲ့သူတွေ သယ်ဆောင်လာတဲ့ ကြက်ခြေနီယာဉ်တန်းတိုက်ခိုက်ခံရချိန်ကစပြီး အစရှိ နောက်နောင်ဆိုသလို ဖြစ်လာခဲ့တော့တာပဲ။ မြန်မာပြည် စစ်မြေပြင် ရခိုင်ဘက်ကို ပြောင်းရွေ့သွားချိန်မှာလည်း ကြက်ခြေနီယာဉ်တန်းတွေ တိုက်ခိုက်ခံရတာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့က ထပ်မံကြုံတွေ့ကြရပြန်တယ်။ ICRC က စစ်တွေဆိပ်ကမ်းကနေ မောင်တောဒုက္ခသည်စခန်းအတွက် ကူညီရေးပစ္စည်းတွေ စက်လှေပေါ်တင်နေချိန် ရာချီတဲ့လူအုပ်စုတစုက တားမြစ်ပိတ်ပင်ရာမှာ လုံခြုံရေးအဖွဲ့တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ဖူးတယ်။ ၂၀၁၉ ဇွန် ၂၇ ရက်ကလည်း တကြိမ် ကြက်ခြေနီယာဉ်တန်းကို လက်နက်ကိုင် လူရမ်းကားတချို့က မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ အဲ့ဒီတုန်းကလည်း ICRC ကြက်ခြေနီအဖွဲ့က မောင်တောဒေသအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ကုန်ကား ၆ စီးနဲ့ တင်ဆောင်လာရာမှာ ကျောက်တော်မြို့နယ် ကျောက်ကြပ်ရွာအနီးမှာ မိုင်သုံးလုံးခွဲပြီး အပစ်ခံကြရတာပါ။ အကြမ်းဖက်ခံရတဲ့ နှစ်ကြိမ်စလုံးကတော့ မောင်တောဒေသ စစ်ဘေးရှောင်သူတွေအတွက် ကူညီထောက်ပံ့ရေးနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “၂၀၁၉ ဇွန် ၂၇ ရက်ညနေပိုင်း ကျောက်တော်မြို့နယ် မဟာမုနိလမ်းဆုံအနီး ကျောက်ကြပ်ကျေးရွာနားမှာ ICRC အဖွဲ့ရဲ့ ကုန်တင်ကား ၆ စီးကို အေအေအဖွဲ့က ရီမုတ်ကိုအ သုံးပြုပြီးမိုင်း ၃ လုံးနဲ့ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်”လို့ သတင်းထုတ်ပြန်ခဲ့တယ်။ ဒါကိုတော့ အေအေအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း “ အေအေနဲ့ သက်ဆိုင်ခြင်းမရှိသလို ICRC ယာဉ်တန်းကိုလည်း ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်းမရှိဘူး”လို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။ ဧပြီ ၂၁ ရက်က ဖြစ်ရပ်ကတော့ ရင်နာစရာပိုကောင်းသလို လက်နက်ကိုင်ပြီး မိုက်သွေးကြွနေတတ်သူတို့ရဲ့ ဆင်ခြင်တုံတရားကင်းမဲ့ခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေးသိမ်ဖျင်းပြီး သတ္တိကြောင်တဲ့ လူမဆန်သူတို့ရဲ့လုပ်ရပ်လို့တောင်ဆိုရမှာပါ။ ဖြစ်စဉ်ကိုတော့ အားလုံးသိပြီးမို့ ထူးထွေတင်ပြစရာမရှိ‌ပေမယ့် ဆိုးတာက ကိုဗစ်-၁၉ ရောဂါ သံသယနဲ့ စောင့်ကြည့်လူနာတို့ရဲ့ နှာခေါင်းနှင့် အာခေါင်‘တို့ဖတ်’နမူနာတွေကို ဆေးစစ်ဖို့သယ်ဆောင်လာတဲ့ WHO တံဆိပ်ပါတဲ့ မော်တော်ကားဖြစ်နေတာကတော့ တကယ့်ကို ထူးခြားဖြစ်စဉ်တခုပါ။ အဲဒီနေ့မှာပဲ မင်ပြားမြို့နယ် ဖားပြိုရွာအနီးမှာ ဘဏ်တခုက ရခိုင်မှာရှိတဲ့ဘဏ်ခွဲတွေကို ပိုးသတ်ဆေးဖျန်းဖို့ သယ်ဆောင်လာတဲ့ CPS ပိုးသတ်ဆေး ကုမ္ပဏီပိုင် ကားတစီးဟာလည်း အလားတူပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက်  ယာဉ်မောင်းတဦး ထပ်မံသေဆုံးခဲ့ရပြန်ပါတယ်။  တကယ်တော့ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဂျီနီဗာကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားတဲ့နိုင်ငံ တခုပါ။ ဂျီနီဗာကွန်ဗင်းရှင်းအပိုဒ်(၉)မှာတော့… “တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့အစည်းများသည် ဆေးရုံနှင့်ရွေ့လျား ဆေးကုသရေးအဖွဲ့များအား မည်သို့သော အခြေနေမျိုးတွင်မဆို ယင်းတို့အား တိုက်ခိုက်ခြင်းမပြုလုပ်ရ။ ယင်းတို့အား လေးစားမှုထားပြီး အကာကွယ်ပေးရမည်” လို့ဆိုထားပါတယ်။ ဒီကွန်ဗင်းရှင်းကို သူပုန်သကန်တွေအနေနဲ့ လိုက်နာကောင်းလိုက်နာနိုင်သလို ဥပက္ခာ ပြုကောင်းလည်းပြုနိုင်ပါတယ်။ ဒါပေမယ့် အစိုးရတရပ်ရဲ့လက်အောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ မဖြစ်မနေ လိုက်နာကြရမှာပါ။ တခုတော့ရှိရဲ့ အရပ်ဘက်နဲ့စစ်ဘက် အစိုး နှစ်ခု ပုံစံဖြစ်နေတဲ့န နိုင်ငံမျိုးတွေမှာတော့ ‘အရပ်သားအစိုးရဟာ ငါတို့နဲ့မဆိုင်’ ဆိုတာမျိုးတွေလည်း ရှိကောင်းရှိနေနိုင်တာပါပဲ။ ဒါက ဖြစ်တတ်တဲ့သဘာဝကိုပြောတာပါ။ ဘာပဲဖြစ်ဖြစ် အခုလုပ်ရပ်တွေကတော့ သာမန်လူ့အောက်တန်းကျတဲ့သူတောင် မကျူးလွန်ဝံ့တဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့ကြတာ။ ပိုဆိုးတာက လက်နက်ကိုင် ယောကျ်ား အရင့်အမာကြီးတွေက တာဝန်ယူစိတ်မရှိပဲ တယောက်တ ယောက်လွှဲချပြီး ခေါင်းရှောင်နေကြခြင်းပါပဲ။ အဲ့ဒီလို ခေါင်းရှောင်သူတွေလက်ထဲကို ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကို ဘယ်လိုစိတ်မျိုးနဲ့ ယုံယုံကြည်ကြည် ထိုးအပ်နိုင်ကြပါ့မလဲ။  ဒီအတိုင်းဆိုရင်တော့ မြန်မာနိုင်ငံဟာ “ချိုးမကူ ကျည်မစဲ တိုက်ပွဲ တညံညံ”ထဲမှာပဲ ပိုင်ရှင်မဲ့ကျည်သင့်ပြီး အရပ်သားတွေသေပွဲဝင်နေရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ လက်နက်ကိုင်တို့ရဲ့ လူမဆန် မိုက်မဲမှုတွေကတော့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး လူသတ်ပွဲကို ဆင်နွှဲနေကြအုံးမည်ဖြစ်ကြောင်းပါ။ ထွန်းဇော်ဌေး
1 year Ago
Up