ထွက်ပေါ်

December 6, 2020

အီသီယိုးပီးယား စစ်ပွဲပဋိပက္ခဆိုင်ရာ အစီရင်ခံစာများ ထွက်ပေါ်

အီသီယိုးပီးယား နိုင်ငံအတွင်း အီရီထရီးယား နိုင်ငံနဲ့ နယ်စပ်မှာ ရှိတဲ့ တောင်ထူထပ်တဲ့ တီဂရေးဒေသထဲမှာ လချီကြာတဲ့ စစ်ပွဲအတွင်း ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွေ ဒီဇင်ဘာ ၅ ရက်က ထွက်ပေါ်လာပါတယ်။ အီသီယိုးပီးယား အစိုးရကတော့ နိုင်ငံမြောက်ပိုင်း သူပုန်တပ်က စစ်ဦးစီးမှူး အများစုကို ဖမ်းဆီးသတ်ဖြတ်ပြီးပြီလို့ ပြောထားပါတယ်။ တီဂရေးဒေသ TPLF သူပုန်ခေါင်းဆောင်ကတော့ အရပ်သားတွေက သိမ်းပိုက်သူ စစ်သည်တွေရဲ့ လုယက်မှုကို ဆန့်ကျင်ဆန္ဒပြနေတယ်လို့ ပြောပါတယ်။ သူပုန်ခေါင်းဆောင်တွေ ပုန်းနေတဲ့နေရာနဲ့ အီသီယိုပီးယား အမျိုးသားကာကွယ်ရေးတပ် စခန်းချရာနေရာက ဆယ်ကီလိုမီတာပဲ ဝေးတယ်လို့ အီသီယိုးပီးယား ဗိုလ်မှူးကြီး ရှမ်ဘဲလ် ဘေယေနေက အစိုးရရုပ်သံနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။ တီဂရေး ဒေသရဲ့ မြို့တော် မေခဲလ်နားက TPLF သူပုန်တပ်ကပိုင်တဲ့ လက်နက်တိုက်ကြီးကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အခိုင်အမာ ပြောဆိုချက်အတွက် သက်သေကိုတော့ ၂ ဖက်စလုံးက မပေးခဲ့ပါဘူး။  ဒေသတွင်းမှာ မီဒီယာတွေအတွက်ရော၊ ကူညီရေး လုပ်သားတွေအတွက်ပါ ဖုန်းနဲ့ ဆက်သွယ်ရေး ဖြတ်တောက်ထားတဲ့အပြင် အသွားအလာကိုလည်း ဆိုးဆိုးရွားရွား ကန့်သတ်ထားပါတယ်။ ဝန်ကြီးချုပ် အာဘီ အာမဒ်ရဲ့ ပြည်ထောင်စု စစ်တပ်နဲ့ တီဂရေး ဒေသန္တရ စစ်တပ် (TPLF) ကြား နိုဝင်ဘာ ၄ ရက်က စတဲ့ တိုက်ပွဲအတွင်း လူထောင်ချီ သေဆုံးခဲ့တယ်လို့ ယုံကြည်ရပြီး ဒုက္ခသည် အယောက် ၄၆၀၀၀ နီးပါး အိမ်နီးချင်း ဆူဒန်နိုင်ငံဆီ ထွက်ပြေးခဲ့ကြပါတယ်။  TPLF သူပုန် ခေါင်းဆောင်တွေကတော့ ဒေသတွင်း ခိုင်ခိုင်မာမာ ထောက်ခံမှုရထားကာ အနားဝန်းကျင်က တောင်တွေဆီ ထွက်ပြေးခဲ့ပြီး ပြောက်ကျားခံစစ်ကို အသုံးပြုနေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 months Ago
Up