ထောင်တွင်းဆန္ဒပြမှု

July 23, 2021

ထောင်တွင်းဆန္ဒပြမှုအပေါ် အကျဉ်းဦးစီးဌာန၏ တုံ့ပြန်မှု စောင့်ကြည့်နေဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ကြေညာ

အကျဉ်းထောင်တွင်း ဆန္ဒထုတ်ဖော်မှုတွေအပေါ် အကျဉ်းဦးစီးဌာန အရာရှိ အရာခံ ဝန်ထမ်းတွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို မှတ်တမ်းတင် စောင့်ကြည့်နေတယ်လို့ ‌ဖက် ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့(A.A.F)က အသိပေးကြေညာထားပါတယ်။

ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့နဲ့ မဟာမိတ် ပြောက်ကျား အင်အားစုတွေအနေနဲ့ အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ နွေဦးတော်လှန်ရေး ရဲဘော်ရဲဘက်တွေရဲ့ သဘောထားနဲ့‌ တသားတည်း အတူရှိကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့မှာ Yangon Urban Guerrillas အမည်နဲ့ ပြည်သူ့ကာကွယ်ရေးမဟာ မိတ်တပ်ဖွဲ့ ၁၄ ဖွဲ့ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ထုတ်ရေးအတွက် လူအင်အား၊ လက် နက်အင်အား၊ ငွေကြေးအင်အားတွေ ကြိုးစားစုဆောင်းနေတယ်လို့ ပြောပါတယ်။

လက်နက်အင်အား၊ လူအင်အား ဘယ်လောက်စုစည်းထားနိုင်တယ်ဆိုတာကိုတော့ အတည်ပြုမထုတ်ပြန်သေးပေမယ့် ဖက်ဆစ်ဝါဒကို ဆန့်ကျင်သူ ကျားမ ဘာသာ လူမျိုး လူတန်းစားပေါင်းစုံအဖွဲ့မှာ ပါဝင်တယ်လို့ ပြောပါတယ်။

ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေ ကို အကာအကွယ်ပေးဖို့နဲ့ စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ထောင်တွင်းဆန္ဒပြပွဲစတင်ခဲ့ပြီးတဲ့နောက်မှာ နိုင်ငံတဝန်း မြို့ရွာအနှံ့က ပြည်သူတွေအနေနဲ့ သံပုံးတီးသပိတ်ကို ပြန်လည်စတင်ကြဖို့လည်း နှိုးဆော်ထားပါတယ်။

အင်းစိန်အကျဉ်းထောင်တွင်းမှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ပတ်သက်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးကာ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပြီးနောက် တပြိုင်တည်းမှာပဲ အင်းစိန်ထောင်အတွင်း စစ်အာဏာရှင် ကျဆုံးရေး တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ သူရဲကောင်းတွေနဲ့အတူ ရပ်တည်ကြောင်း ရန်ကုန်မြို့က လူငယ်အချို့ ဆန္ဒထုတ်ဖော် ကြတာတွေ၊ မြို့နယ်တချို့မှာ သံပုံးတီးဆန့်ကျင်မှုတွေ လုပ်ဆောင်နေကြတာကို တွေ့ရ ပါတယ်။

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းကာလဟာ ၆ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ကာ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၃၁ ယောက်ထိ ရှိ လာခဲ့ပြီး ၆၈၇၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၃၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်း သိမ်းခံထားရသူအားလုံးအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်း တကျ ရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အာဏာပိုင်တွေကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးတွေက ဒီကနေ့မှာ ပူးပေါင်းတောင်းဆို လိုက်ပါတယ်။

3 months Ago
Up