ထောက်ခံမဲ

November 9, 2020

ဦးအယ်လ်ဖောင်းရှို ထောက်ခံမဲ ၇၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရ

မကြာသေးခင်ကမှ ဝန်ကြီးချုပ်တာဝန်ကနေ ရပ်ဆိုင်းခံခဲ့ရတဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဟာ မယ်စဲမြို့နယ်မဲဆန္ဒနယ် (၂) မှာ ထောက်ခံမဲ ၇၄ ဒသမ ၄ ရာခိုင်နှုန်းနဲ့ မဲအပြတ်အသတ်အနိုင်ရရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။  “ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကယားပြည်နယ်၊ မယ်စဲ့ မြို့နယ်လေးမှာတော့ အနီရောင် အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့ပါပြီ။ ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှာတော့ (ကြိုတင်ဆန္ဒမဲနှင့် ဆန္ဒမဲများ) တွင် ခိုင်လုံမဲ ရရှိမှုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် ကျွန်တော့အတွက် ထောက်ခံမှု (၇၄.၄%) ဖြင့် အနိုင်ရရှိခဲ့ပါတယ်။”  လို့  ရေးသားဖော်ပြထားပါတယ်။  ဒါ့အပြင် အားနည်းချက်တွေကို အကောင်းဆုံးပြင်ဆင်ပြီး ပေးအပ်လာတဲ့ တာဝန်အပေါ်မှာ တာဝန်ကျေပွန်သည်ထက် ကျေပွန်အောင် စေတနာ၊ မေတ္တာ အပြည့်နဲ့ ထမ်းရွက်သွားပါ့မယ်လို့ လည်း ကတိပြုရေးသားထားပါတယ်။ မနေ့က ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲရလဒ်တွေကို ဒီနေ့နေ့ခင်းအထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာတာ တခုမှာ မရှိသေးပါဘူး။ မြေပြင်အခြေအနေမှာ လေ့လာတွေ့ရရှိတဲ့ ရလဒ်တွေအရ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်က ကယားပြည်နယ် ၇ မြို့နယ်ထဲက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်းနဲ့ မယ်စဲမြို့နယ်တွေမှာ အနိုင်ရရှိထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကတော့ မယ်စဲမြို့နယ်မှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားပါတယ်။  ဖရူဆိုမြို့နယ်မှာကတော့ ဒေသအခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက အနိုင်ရရှိပြီး ဘောလခဲမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားပါတယ်။ ရှားတောမြို့နယ်မှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၃ နေရာနဲ့ ကြံ့ခိုင်ရေးပါတီက  ၁ နေရာ အနိုင်ရရှိထားပါတယ်။  ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရှားတောမြို့နယ် ပြည်နယ်မဲဆန္ဒနယ် ၂ မှာ တပ်မတော်ရဲ့ ကြိုတင်မဲနဲ့  ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။  ဒါကြောင့် ကယားပြည်နယ် မဲဆန္ဒနယ် ၃၄ နေရာမှာ အန်အယ်လ်ဒီပါတီက နေရာ ၂၀၊  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၈ နေရာနဲ့ ကြံ့ခိုင်ရေးပါတီက ၆ နေရာ အသီသီး အနိုင်ရရှိထားပါတယ်။ ပြည်နယ်လွှတ်တော်အနေနဲ့ကတော့ အန်အယ်လ်ဒီက ၈ ဦး၊ ကြံ့ခိုင်ရေးပါတီက ၃  ဦးနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၃ ဦး ပြည်နယ်လွှတ်တော်ကို ရောက်ရှိလာကြမှာဖြစ်ပါတယ်။  ဒီထဲမှာ အရင်လွှတ်တော်သက်တမ်း ၂ ဆက်က ကယားပြည်နယ်လွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ်မပါဝင်ခဲ့ပေမယ့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့  အမျိုးသမီး ကိုယ်စားလှယ် ၁ ဦး အနိုင်ရထားပါတယ်။  
6 months Ago

October 23, 2019

စပိန်ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းရရန် ကာတာလန်ခေါင်းဆောင် မျှော်လင့်

နိုဝင်ဘာ ၁၀ ရက်နေ့မှာ ကျင်းပမယ့်  စပိန်ရွေးကောက်ပွဲမှာ ကာတာလန်ခွဲထွက်ရေး လှုပ်ရှားမှုအနေနဲ့ ဒေသရွေးကောက်ပွဲ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်း  ရဖို့ မျှော်လင့်တယ်လို့ ကာတာလန်ခေါင်းဆောင်က ပြောပါတယ်။ စပိန်သမ္မတရဲ့ အဆိုပြုချက်  မတွေ့ရတဲ့ အခြေအနေမျိုးမှာ ရွေးကောက်ပွဲကြိုးပမ်းမှု လုပ်ငန်းစဉ်ဟာ  နဂိုအတိုင်း ပြန်မဖြစ်နိုင်ဘူးလို့ ဘာစီလိုနာမြို့ အစိုးရအိမ်တော်မှာ လုပ်တဲ့ ရိုက်တာနဲ့ အင်တာဗျူးမှာ ကာတာလန်ခေါင်းဆောင် ကင်မ်တော်ရာက ပြောခဲ့တာပါ။ ကာတာလိုးနီးယားဒေသရွေးကောက်ပွဲ ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး စပိန်အစိုးရနဲ့ တွေ့ဆုံဆွေနွေးပွဲတွေ အမြန်ဆုံးပြန်စဖို့ ကြိုးပမ်းသွားမယ်လို့လည်း ထပ်လောင်းပြောခဲ့ပါတယ်။ တကယ်လို့ အဲဒီဆန္ဒခံယူပွဲကို စပိန်အစိုးရက လက်ခံရင်ကောဆိုတဲ့မေးခွန်းကို  ကာတာလန်ခေါင်းဆောင်က သူ့အနေနဲ့ လွတ်လပ်ရေးကြိုးပမ်းဖို့အတွက် လမ်းညွှန်မြေပုံရေးဆွဲဖို့ရာ  ကာတာလန် ပါတီတွေအကြား သဘောတူညီချက် ကြီးကြီးမားမား ရအောင် ကြိုးစားနေတယ်လို့ ဖြေခဲ့ပါတယ်။  ဒါကြောင့်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို  ထည့်စဉ်းစားနေတယ်လို့လည်း ကင်မ်တော်ရာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။  အောက်တိုဘာ ၂၁ ရက်က ကာတာလိုးနီးယားဒေသကို  စပိန်သမ္မတ ပီဒရိုဆန်းချက် လာရောက်ရာမှာတော့  စပိန်သမ္မတဟာ ကင်မ်တော်ရာနဲ့ မတွေ့ဆုံခဲ့ပါဘူး။  
2 years Ago
Up