ထိုင်း သုဝဏ္ဏဘူမိလေဆိပ်တွင်

March 8, 2017

ထိုင်း သုဝဏ္ဏဘူမိလေဆိပ်တွင် ဆင်စွယ် ကီလို ၃၀၀ ကျော် ဖမ်းမိ

ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်မှာ မာလ၀ီနိုင်ငံက ရောက်ရှိလာတဲ့ အာဖရိကဆင်စွယ် ကီလို ၃၃၀ ကို သိမ်းဆည်းရမိတယ်လို့ ထိုင်းအာဏာပိုင်တွေက မတ် ၇ ရက်နေ့က ပြောဆိုပါတယ်။ ဒီဆင်စွယ်တွေဟာ အာဖရိကန်ဆင်အကောင်ရေ အနည်းဆုံး ၅၀ က ဖြတ်ယူလာတဲ့ ဆင်စွယ်တွေဖြစ်ပြီး ပြီးခဲ့တဲ့တပတ် သောကြာ၊ စနေနေတွက ဖမ်းဆီးရမိခဲ့တာလို့ ပြောဆိုပါတယ်။ ကျောက်မျက်အရိုင်းတွေထုတ်ထားတဲ့ အထုပ် ၁၅ ထုပ်ထဲမှာ ၀ှက်ပြီးသယ်ဆောင်လာတာဖြစ်ပြီး ဒီဆင်စွယ်တွေကို လာယူတဲ့ ဂမ်ဘီယာနိုင်ငံ သားတဦးကို ဆင်စွယ်မှောင်ခိုမှု၊ ထိုင်းအကောက်ခွန်ဥပဒေချိုးဖောက်မှုတွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ သူ့ကို ငွေပေးခိုင်းစေသူတွေကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းဖော်ထုတ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။ တရားမ၀င်ဆင်စွယ်ကူးသန်းရောင်ဝယ်မှုကို နိုင်ငံတကာဥပဒေနဲ့ ပိတ်ပင်ထားပေမယ့် တရုတ်လူကုံတန်တွေကြားမှာတော့ ဒီဆင်စွယ်တွေဟာ အထူးရေပန်းစားလူကြိုက်များတာပါ။ ဒီဆင်စွယ်တွေလည်း တရုတ်နိုင်ငံကို ထပ်မံတင်ပို့မယ်လို့ ယုံကြည်ရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။ ထိုင်းအစိုးရက အခုလိုဆင်စွယ်မှောင်ခိုမှုကို တင်းတင်းကျပ်ကျပ်တားဆီးနေပေမယ့်လည်း မှောင်ခိုမှုတွေက ဆက်ဖြစ်နေတယ်။ ဒါတွေကို ဆက်လက်အရှိန်မြှင့်တားဆီးသွားမယ်လို့လည်း ထိုင်းအကောင်ခွန်အရာရှိတဦးက ပြောဆိုပါတယ်။ အခုဖမ်းဆီးရမိတဲ့ ဆင်စွယ်အပိုင်း  အားလုံး ၄၂၂ ပိုင်းရှိပြီး ကာလတန်ကြေး ထိုင်းဘတ် ၁၇ သန်းလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။
4 years Ago
Up