ထိုင်းဘုန်းကြီးကျောင်း

June 21, 2019

ထိုင်းဘုန်းကြီးကျောင်းပလ္လင်တွင် ထုဆစ်ထားသည့် ထူးထူးခြားခြား ဘက်ခမ်းပုံတူရွှေရုပ်တု (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘုန်းကြီးကျောင်းတကျောင်းရဲ့ ပလ္လင်မှာ ထုဆစ်ထားရှိတဲ့ အင်္ဂလန် ဂန္ထဝင်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ ရွှေရောင်ပုံတူရုပ်တုဟာ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နေပါတယ်။ ဘန်ကောက်မြို့ ပရီဝပ်ဘုန်းကြီးကျောင်းထဲက ပလ္လင်မှာ ဒီပုံတူရုပ်တုကို ထည့်သွင်းထုလုပ်ထားတာ ဆယ်စုနှစ် ၂ ခုလောက် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဘက်ခမ်းပါဝင်တဲ့ မန်ယူအသင်း ဖလား ၃ လုံးရရှိခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ထုလုပ်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ပရီဝပ်ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးတပါးဖြစ်တဲ့ ဘွန်းရွန်ဖွန်နယာဝရိုကတော့ “ဒီရုပ်တုက ၁၉၉၉ ခုနှစ်မှာ ထုလုပ်ခဲ့တာ။ အဲဒီနှစ်က မန်ယူအသင်းက ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလား ၃ လုံးစလုံး ရတဲ့နှစ်လေ။ ဒါကြောင့်မို့ ပန်းပုဆရာက ဒီအထိမ်းအမှတ်နဲ့ ဘက်ခမ်းပုံတူရုပ်တုပါအောင် ထုလုပ်ခဲ့တာပါ။ ဒီရုပ်တုကြောင့် နိုင်ငံခြားသားတွေပါ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာကြပါတယ်” လို့ ဆိုပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဘောလုံးသမားဘဝ စတင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ ပီအက်စ်ဂျီနဲ့ အယ်လ်အေဂလက်ဇီ စတဲ့ နာမည်ကြီးအသင်းတွေမှာ ကစားခဲ့ဖူးပြီး အောင်မြင်မှုတွေ ရရှိခဲ့သူတဦး ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူဟာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီ ဖြစ်ပေမယ့် သူ့ရဲ့ကျော်ကြားမှုကတော့ ရှိနေဆဲဖြစ်တယ် ဆိုတာကို ဒီအဖြစ်အပျက်က ပြသနေတာပဲ ဖြစ်ပါတယ်။ အဲဒီဘုန်းကြီးကျောင်းဟာ မကြာသေးခင်က ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြသူတွေ၊ ခရီးသွားတွေကြားမှာ စိတ်ဝင်စားစရာ နေရာတခု ဖြစ်လာခဲ့တာပါ။ နောက်ထပ်ထူးခြားတာကတော့ ပလ္လင်မှာ ဘက်ခမ်းရုပ်တုအပြင် အမေရိကန် သမ္မတဟောင်း အိုဘားမား၊ နာမည်ကျော် ကာတွန်းဇာတ်ကောင်တွေ ဖြစ်ကြတဲ့ မစ်ကီမောက်၊ စူပါမန်းနဲ့ ပီနိုချီယို စတဲ့ရုပ်တုတွေလည်း ထုလုပ်ထားတယ်လို့ ဆိုပါတယ်။
2 years Ago
Up