ထိုင်း

July 5, 2019

နာမည်ကြီး Annabelle သရဲကားကြည့်ပြီး ရုပ်ရှင်ရုံတွင်း သေဆုံးခဲ့သည့် အဘိုးအို (ရုပ်သံ)

ထိုင်းနိုင်ငံမှာ အဘိုးအိုတဦးဟာ လတ်တလော ရုံတင်ပြသနေတဲ့ နာမည်ကြီးသရဲကား Annabelle ကို ကြည့်နေရင်း ရုပ်ရှင်ရုံထဲမှာ သေဆုံးသွားခဲ့တယ်လို့ ကိုကိုးနတ်စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် ညက ဖြစ်ခဲ့ပြီး သေဆုံးသူဟာ အသက် ၇၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဗြိတိန်နိုင်ငံသား အမျိုးသားတဦးဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ အခင်းဖြစ်တဲ့ ညသန်းခေါင်အချိန်ပွဲစဉ်မှာ နောက်ဆုံးထွက် နာမည်ကြီးရုပ်ရှင်ကား Annabelle Comes Home ကို ပတ္တယားရှော့ပင်းမောလ်က ရုပ်ရှင်ရုံမှာ ကြည့်ရှုခဲ့တာပါ။ သူဟာ ရုပ်ရှင်လက်မှတ် တစောင်တည်းဝယ်ကာ ကြည့်ရှုခဲ့တာဖြစ်ပြီး ရုပ်ရှင်အပြီး မီးတွေလင်းလာချိန်မှာတော့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဝန်ထမ်းတွေက ဆိုပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့အလောင်းကို ဘန်လမောင်ဆေးရုံကို ပို့ဆောင်ပြီး ဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ပတ္တယားရဲတပ်ဖွဲ့ကတော့ သေဆုံးသူရဲ့ နောက်ကြောင်းကို သိနိုင်ဖို့ စုံစမ်းနေကြပါတယ်။ သတင်းဌာနအနေနဲ့ အဲဒီအဘိုးအို သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဖြေဆိုပေးဖို့ ရဲဌာနက ဗိုလ်မှူးကြီးတဦးဖြစ်တဲ့ ပိုလာပတ်သန်မဆနွန်ကို ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးခန်းထဲ ရောက်နေတာမို့ မဖြေကြားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ထပ် ဗိုလ်မှူးကြီးတဦးဖြစ်တဲ့ ပရာဝတ်ချိုဆန်ကတော့ သေဆုံးခဲ့သူမှာ ကျန်းမာရေးချို့ယွင်းမှု တခုခု ရှိနေတာ ဖြစ်နိုင်တယ်လို့ ဖြေကြားခဲ့ပါတယ်။
2 years Ago

June 26, 2019

ထိုင်းတွင် ဘတ်သန်းပေါင်း ၂ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖျက်ဆီး

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနေ့မှာ ထိုင်းနိုင်ငံအနေနဲ့ ဘတ်ငွေ သန်းပေါင်း ၂ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ၄၉ ကြိမ်မြောက် မူးယစ်ဆေးဝါးဖျက်ဆီးရေး အခမ်းအနားကို ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက နိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဘန်ပအင်စက်မှုဇုန်ဒေသရှိ သဘာဝပတ်ဝန်းကျင်နဲ့ စားသုံးသူများ စီမံခန့်ခွဲရေးဌာနမှာ ဒီနေ့မနက်က ကျင်းပခဲ့ပြီး အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ နိုင်ငံတကာ စစ်သံမှူးတွေနဲ့ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေက သက်သေအဖြစ် လာရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ မူးယစ်မှုပေါင်း ၆၉၃၀ ကနေ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေး ၁၂၃၆၉ ကီလိုဂရမ် (ဆေးပြားပေါင်း ၁၃၇ သန်းခန့်)၊ မတ်အမ်ဖီတမင်း ခေါ် အိုက်စ် ရေခဲမူးယစ်ဆေး ၃၄၄၃ ကီလိုဂရမ်၊ ဟီးရိုးအင်း ၁၄၃ ကီလိုဂရမ်၊ MDMA/MDA ၁၄ ကီလိုဂရမ်၊ ကိုကင်း ၄၄ ကီလိုဂရမ်၊ ဘိန်းစိမ်း ၂၅၈ ကီလိုဂရမ်နဲ့ တခြား မူးယစ်ဆေးနဲ့ ဆက်နွယ်တဲ့ ဆေးဝါးတွေ ပါဝင်ပြီး အလေးချိန် စုစုပေါင်း ၁၆၄၆၇ ကီလိုဂရမ်ရှိကာ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၂၀၀၄၇ ရှိတယ်လို့ ထိုင်းနိုင်ငံ ဆေးဝါးနဲ့ အစားအစာ ကွပ်ကဲရေးဌာန ဒုညွှန်မှူး ဒေါက်တာနရေ့စ် ကရဆဒ်ဝိဥဝုန်းက အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးရာမှာ ပတ်ဝန်းကျင်တွင်း အနံ့အသက်နဲ့ အဆိပ်ငွေ့တွေ မပြန့်လွင့်အောင် Pyrolytic Incineration နည်းနဲ့ အပူချိန် ၈၀ စင်တီဂရိတ်ပေးပြီး ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူ အရေအတွက်မှာ ထိုင်းတနိုင်ငံလုံးရှိ မူးယစ်ဆေးဖြတ်ဌာနပေါင်း ၈၀၀ ကျော်အတွင်း ဆေးလာဖြတ်သူ ၂ သိန်းကျော်ရှိပြီး ၆၁ ရာခိုင်နှုန်း ကုသပေးခဲ့ပြီးဖြစ်တယ်လို့ ဒေါက်တာ နရေ့စ်က ပြောသွားပါတယ်။
2 years Ago
More News
Up