ထိုင်းနိုင်ငံ

April 20, 2021

ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်နဲ့ ချင်းရိုင်းခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား စုစုပေါင်း ၄၆ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

တာ့ခ်ခရိုင်မှာ ထိုင်းအာဏာပိုင်တွေက တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပပျောက်ရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် ဧပြီ ၁၉ ရက်နေ့ ည သန်းခေါင်အချိန်က ဖုပ်ဖရမြို့နယ် ဝေါ်လေကျေးရွာအုပ်စု ရပ်ကွက် ၃ ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၉ ဦးနဲ့ သူတို့ကို တင်ဆောင်လာတဲ့ ထိုင်းလူမျိုး ၁ ဦး၊ မော်တော်ကား ၁ စီးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆယာမ်ရတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ပိုးစစ်ဆေးဖို့ ဆေးရုံကို အရင်ခေါ်ဆောင်သွားပြီး တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ထဲမှာလည်း မနေ့ မနက်စောစောက  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးရမိတယ်လို့ TopNorth News သတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက်စောစော မိုးမလင်းခင်က မယ်ဆိုင်မြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ အနီး ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ မှန်လုံကားတစ်စီး ရပ်ထားတာတွေ့လို့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ တရားမဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်း လူမျိုးကားမောင်းသမား ၁ ဦးနဲ့အတူ တွေ့ရတာလို့ ဆိုပါတယ်။ 

သူတို့တတွေဟာ ရှမ်းပြည်နယ် လဲချား၊ တောင်ကြီး၊ မိုင်းပွန်ဘက်က ရောက်လာကြပြီး ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ၁၇ ဦးအနက် ၁ ဦး သာ ၁၀ နှစ်ခံတောင်ပေါ်သားကတ်  ကိုင်ဆောင်ပြီး ကျန်သူတွေမှာ ထိုင်းထဲဝင်ရောက်နေထိုင်ခွင့် အထောက်အထားမရှိကြောင်း၊ ဒါကြောင့် တရားမဝင်ဝင်ရောက်မှုအပြင် ကိုဗစ်-၁၉ ဥပဒေတွေနဲ့ပါ အရေးယူခံရမှာဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ကိုတင်ဆောင်လာတဲ့ နိုင်းကျရွန်ရာဝိချုင်းဆိုသူ ထိုင်းကားသမားမှာလည်း တရားမဝင်သူတွေ ဝင်ရောက်နိုင်အောင် ကူညီမှုတွေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။ 

ကိုးကား-https://siamrath.co.th

3 weeks Ago

March 16, 2021

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်မှ ပထမဆုံး ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူ

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံမှုကို ဒီကနေ့ ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့မ နက်မှာ စတင်လိုက်ပြီး ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက ပထမဆုံးလူအဖြစ် ထိုးနှံခဲ့ပါတယ်။ 

ကျုလာလောင်ကွန်တက္ကသိုလ် ဆေးသိပ္ပံပညာဌာန ကာကွယ်ဆေးသုတေသနကျွမ်းကျင်သူများ ဗဟိုဌာန ဌာနမှူးကြီး ဒေါက်တာ ယုန်းဖူးဝမ်းရမ်း  ဦးဆောင်တဲ့ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ဟာ ဒီနေ့ မနက် ၈ နာရီခွဲက ထိုင်းအစိုးရအိမ်တော်ကို ရောက်ရှိလာပြီး ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျ န်အိုးချား နဲ့တကွ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၁၆ ဦးကို AstraZeneca vaccine အမှတ်တံဆိပ် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပေးခဲ့တာပါ။  

အထူးသဖြင့် အသက် ၆၀ ကျော်ရှိ ဝန်ကြီးတွေကို ဦးစားပေးထိုးနှံပြီး ဆေးထိုးပြီးတဲ့နောက် သက်ရောက်မှုအခြေအနေကို မိနစ် ၃၀ စောင့်ကြည့်ကာ  လာမယ့် မေလ ၂၅ ရက်နေ့မှာ ဒုတိယ အကြိမ် ထိုးသွင်းရမယ်လို့ တာဝန်ရှိသူမှ ပြောပါတယ် ။ 

ထိုင်းဝန်ကြီးချုပ်က "ပြည်သူလူထုဘေးကင်းစေဖို့နဲ့  စိတ်ချယုံကြည်မှုရှိဖို့အတွက် ဒီကာကွယ်ဆေးကိုထိုးရတာဖြစ်တယ်။ နိုင်ငံထဲမှာရှိတဲ့ အစုအဖွဲ့တိုင်းကလူတွေကို ထိုးနှံပေးဖို့ ကာကွယ်ဆေးတွေ ရှာဖွေဝယ်ယူသွားဖို့စီစဉ်ထားတယ်။ AstraZeneca vaccine ဆေးဟာ  ထိုင်းပြည်သူ တွေ နဲ့ လိုက်လျောညီထွေရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထောက်ခံမှုရထားတဲ့ ဆေးဖြစ်တယ်၊ လူတိုင်းလူတိုင်းဟာ ကိုယ့်မိသားစုဝင်အတွက်အရေးကြီးတဲ့လူတွေဖြစ်တယ်လို့ အစိုးရခံယူတယ်၊ ဒါကြောင့် မိသားစုဝင်တိုင်း အမြန်ဆုံး ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ကြိုးစားသွားမယ် ” လို့ပြော သွားပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒီနေ့မတ်လ ၁၆ ရက်နေ့ထုတ်ပြန်ချက်အရ  ကိုဗစ် ၁၉ လူနာသစ် ၁၄၉  ဦးတွေ့ရှိပြီး ၂၀၂၀ ဇန်နဝါရီလကစ ဒီနေ့ထိ ကိုဗစ် ၁၉ ကူးစက်ခံရသူ စုစုပေါင်း ၂၇၁၅၄ ဦးရှိကာ သေဆုံးသူ ၈၇ ဦး ရှိခဲ့ပါတယ်။ 

Photo: chiangmai public health 

2 months Ago
More News
Up