ထိုင်းကျောင်းသူ

May 11, 2020

၁၄ နှစ် ထိုင်းကျောင်းသူအား အဓမ္မပြုကျင့်မှုဖြင့် ကျောင်းဆရာ ၅ ဦးအပါအဝင် ၇ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မုတ်ဒါဟန်ခရိုင် မုတ်ဒါဟန်မြို့ အထက်တန်းကျောင်း ၁ ကျောင်းက ၁၄ နှစ်ရွယ် ကျောင်းသူလေးအား အဓမ္မပြုကျင့်မှုနဲ့ ကျောင်းဆရာ ၅ ဦးအပါအဝင် ကျောင်းသားဟောင်း ၂ ဦးတို့ကို အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ၁၄ နှစ်ရွယ်ကျောင်းသူလေးဟာ  ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လကတည်းက ဒီနှစ်ထိ အဆိုပါ ကျောင်းဆရာတွေနဲ့ ကျောင်းသားဟောင်းတို့ရဲ့ ဖြားယောင်းသွေးဆောင်မှု၊ အဓမ္မပြုကျင့်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရပြီး မိဘအုပ်ထိန်းသူတွေက ဒီနှစ်မေလဆန်းပိုင်းမှ သိရတာကြောင့် ရဲစခန်းမှာ သွားရောက် အမှုဖွင့်လိုက်တာပါ။  မနှစ် မတ်လတုန်းက သင်္ချာဘာသာရပ်သင်ကြားသူ ဆရာ  ၁ ဦးက စပြီး မိန်းလေးကို သူ့ရဲ့ အဆောင်ကို ဖြားယောင်းခေါ်ယူကာ လိင်ပိုင်းဆိုင်ရာစော်ကားပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။  ဒီနောက် အဆိုပါ ဆရာက အခြားသူတွေခေါ်ကာ အတူအဓမ္မပြုကျင့်တာရှိသလို အခြားဆရာတွေကလည်း သူတို့အဆောင်နဲ့ တခြားနေရာတွေ ခေါ်ယူပြီးပြုကျင့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုပြုကျင့်တာကို ဗွီဒီယိုရိုက်ထားပြီး လူကြီးတွေကို တိုင်ပြောရင် ဗွီဒီယိုဖိုင်ဖြန့်ချိပြီး သူမကိုလည်းသတ်ပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် အနိုင်ကျင့်စော်ကားမှုတွေကို ဒီနှစ်ထိ ခံလာခဲ့ရတာလို့ ကာယကံရှင်မိန်းကလေးက တာဝန်ရှိသူတွေကို ပြောပါတယ်။  တာဝန်ရှိသူတွေက ဆရာတွေနေတဲ့အဆောင်ကို သွားရောက်စစ်ဆေးရာမှာ အရက်ပုလင်းခွံတွေ ၊ ဘီယာ ဘူးခွံနဲ့ ကွန်ဒုံးတွေ တွေ့ရှိပြီး သက်သေခံပစ္စည်းအဖြစ် သိမ်းယူခဲ့ပါတယ်။  ကျောင်းဆရာ ၅ ဦးမှာ နိုင်းဝိဖုဒ် (၃၁ နှစ်)၊ နိုင်းယုထနာ (၃၆ နှစ်) ၊ နိုင်းအာနုဖတ် (၂၃ နှစ်)၊ နိုင်းဧကလတ် (၃၅ နှစ်) နဲ့ အသက် ၂၁ နှစ်ရွယ် ကျောင်းသားဟောင်း ချနဆဒ် နဲ့ ဖီရဖုန်း တို့ဖြစ်ပြီး သူတို့အားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။  ဖမ်းခံရသူတွေကတော့ သူတို့ဟာ မိန်းကလေးကို အဓမ္မပြုကျင့်တာမဟုတ်ဘဲ မိန်းကလေးက အလိုတူတာဖြစ်ကြောင်း ငြင်းဆန်ထားပြီး  ကျောင်းဆရာတွေက ကိစ္စပြီးတာနဲ့ မိန်းကလေးကို မုန့်ဖိုး ဘတ် ၂၀၀ ပေးတဲ့ ဗွီဒီယိုဖိုင်တွေကိုလည်း ဖုန်းထဲမှာ တွေ့ရှိခဲ့ပါတယ်။  ဒါပေမယ့် ရဲစခန်းကတော့  မိန်းကလေးသည် အလိုတူတယ်ဆိုတောင်မှ အသက်မပြည့်သေးတဲ့အတွက် သူတို့ ၇ ဦးလုံးကို အသက် ၁၅ နှစ်အောက် မိန်းကလေးအား မုဒိမ်းကျင့်ရန် ဖျားယောင်းသွေးဆောင်မှု၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ မုဒိမ်းမှု၊ မိမိအုပ်ထိန်းမှုအောက်မှာရှိတဲ့ ကလေးသူငယ်အား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု၊ အဓမ္မကျင့်မှုတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။  ဒါ့အပြင် နောက်ထပ် အသက် ၁၆ နှစ်ရွယ်ကျောင်းသူတဦးကလည်း သူမပါ အဆိုပါ ကျောင်းဆရာအုပ်စုရဲ့ အဓမ္မပြုကျင့်မှုကို ၁ ကြိမ်ခံခဲ့ရကြောင်း လာရောက်တိုင်ကြားခဲ့ပါတယ်။  လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ နောက်ထပ်ကျောင်းသူတွေလည်းရှိသေးကြောင်း ပြောဆိုနေ တာကြောင့် ခံရတဲ့ကာယကံရှင်တွေအနေနဲ့ ကိုယ်တိုင်လာရောက်တိုင်တန်းကြဖို့ ရဲစခန်းက ကြေညာထားပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး မုတ်တာဟန်ခရိုင်ပညာရေးမှူးမှ အရေးပေါ်အစည်းအဝေး တရပ်ခေါ်ယူကာ ကျောင်း သူကျောင်းသားများကို ပဲ့ပြင်ထိန်းကျောင်းရမယ့် ဆရာတွေက ခုလိုပြုမူကျူးလွန်ခဲ့တဲ့အပေါ် လုံးဝလက်ခံလို့မရကြောင်း ပြောဆိုပြီး အဆိုပါ ပညာရေး ဝန်ထမ်း ၅ ယောက်လုံးကို ချက်ချင်း တာဝန်မှရပ်စဲလိုက်သလို စုံစမ်းစစ်ဆေးရေး ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။  ထိုင်းပညာရေးဝန်ကြီးဌာနကလည်း ပညာရေးဝန်ထမ်းက အခုလိုပြစ်မှုကျူးလွန်တဲ့အပေါ် ဝန်ထမ်းဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းဥပဒေနဲ့ ပြစ်ဒဏ်တွေ နောက်ထပ်တင်းကျပ်စွာ ဖြည့်စွက်ချမှတ်သွားမယ်လို့ ဆိုပါတယ်။  ထိုင်းဥပဒေအရ အသက်မပြည့်သော မိန်းကလေးပေါ် မုဒိမ်းမှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်းကျခံရမှာဖြစ်ပါတယ်။  ကျင့်ကြံစော်ကားခံရသူ မိန်းကလေး ၂ ဦးအတွက် ထိုင်းတရားရေးဝန်ကြီးဌာနမှ ဆေးကုသစရိတ် နစ်နာကြေးတွေ ထုတ်ပေးသွားဖို့ရှိပြီး ဘတ် ၄ သောင်းထက်မပိုတဲ့ ဆေးကုသစရိတ်၊ ဘတ် ၂ သောင်းထက် မပိုတဲ့ ကိုယ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်စရိတ်နဲ့ နောက်ထပ် နစ်နာကြေး ဘတ် ၅ သောင်း ထောက်ပံ့သွားမယ်လို့ ထိုင်းတရားရေးဝန်ကြီး နိုင်းဆုမ်ဆဒ် ထိပ်ဆုဒင်းက သတင်းထောက်တွေကို ပြောသွားပါတယ်။ 
1 year Ago

November 6, 2019

မီးဖောင်မျှောပွဲအတွက် ကာတွန်းရုပ်လုပ်ရောင်းသည့် ထိုင်းကျောင်းသူ မူပိုင်ခွင့်ဥပဒေဖြင့် ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်က ၁၅ နှစ်ရွယ် ထိုင်းကျောင်းသူလေးဟာ လွိုင်းကထုန်း ခေါ် ထိုင်းရိုးရာ တန်ဆောင်တိုင်မီးဖောင်မျှောပွဲအတွက် မီးဖောင်တွေကို ကာတွန်းရုပ်ပုံ ဖန်တီးလုပ်ဆောင်လို့ မူပိုင်ခွင့် ဥပဒေနဲ့ ဖမ်းဆီးအရေးယူ ခံခဲ့ရပါတယ်။  နောင့်အွမ့်ဆိုသူ မိန်းကလေးဟာ မိဘတွေကိုအပိုဝင်ငွေ ရှာကူတဲ့အနေနဲ့ ပွဲတော်ကာလတွင်း ရောင်းချဖို့ မုန့်ခြောက်တွေနဲ့မီးဖောင်လှလှတွေ တီထွင်လုပ်ရောင်းနေတာပါ။  ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ ဖောက်သည်တဦးက သူမကို ကာတွန်းရုပ်ပါတဲ့ မီးဖောင် အလုံးရေ ၁၃၆ ခု လုပ်ပေးဖို့နဲ့ တခုကို ဘတ် ၂၀၀ ပေးမယ်ဆိုပြီး  အရုပ်နမူနာပေးပို့ပြီး မှာယူခဲ့ပါတယ်။  သူမကလည်း ဖောက်သည် စိတ်တိုင်းကျ လုပ်ဆောင်ပြီး သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်အချိန်လေးမှာပဲ ကာတွန်းမူပိုင်ခွင့်ကိုယ်စားလှယ် ဆိုသူက သူမဟာ မူပိုင် မှတ်ပုံတင်ထားတဲ့ ကာတွန်းရုပ်တွေကို တုပလို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားကြောင်း တရားဥပဒေအရ လျော်ကြေးငွေ ဘတ် ၅၀၀၀၀ ပေးရမယ်လို့ လာပြောပါတယ်။  မိန်းကလေးကလည်း အဆိုပါအရုပ်တွေဟာ မူပိုင်ရှိမှန်းလည်းမသိ ၊ ဖောက်သည်က အော်ဒါမှာလို့ လုပ်ရ တာဖြစ်ကြောင်း ၊ ဖောက်သည်အကြိုက် ခက်ခဲစွာကြိုးစားပြီး တညလုံးလုပ်ဆောင်တာ မနက် ၃ နာရီမှ အိပ်ရကြောင်း ၊ သူမအနေနဲ့ စီးပွါးရေးအရ လုပ်တာမဟုတ်ဘဲ မိဘတွေဝန်ပေါ့အောင် ပွဲတော်ရက်မှာ ကျောင်းစရိတ်အတွက် အပိုဝင်ငွေရှာနေခြင်းသာ ဖြစ်လို့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။  နခွန်းရာ့ချ်ဆီမား ရဲစခန်းကလည်း မိန်းကလေးကို သနားညှာတာမိကြောင်း ၊ ဒါပေမယ့် ရဲတပ်ဖွဲ့ရဲ့ တာဝန်ဝတ္တရားအရ တိုင်တန်းသူရှိလာက အရေးယူပေးရမှာဖြစ်ပြီး အရေးမယူရင် တာဝန်လစ်ဟင်းရာ ရောက်လို့ ကြားထဲကနေ ဝင်ရောက်ညှိနှိုင်းပေးရာမှာ မူပိုင်ကိုယ်စားလှယ်က ဘတ် ၅၀၀၀ ပဲယူတော့မယ်ဆိုပြီး ကြေအေးသွားပါတယ်။ နောက်နောင်ကို ဘာဘဲလုပ်လုပ် ဦးစွာလေ့လာစုံစမ်းပြီးမှ လုပ်ဆောင်သင့်ကြောင်း ရဲတပ်ဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။  နောက်ဆက်တွဲသတင်းအရ ကာတွန်းရုပ်မီးဖောင် မှာယူသူနဲ့ မူပိုင်ခွင့် ကိုယ်စားလှယ်ဆိုသူက ပူးပေါင်းကြံစည်ခဲ့တာဖြစ်ကြောင်း ဒီမတိုင်ခင်ကလည်း ထိုင်းအရှေ့မြောက်ပိုင်း ခိုလတ်ခရိုင်က အသက် ၂၂ နှစ်အရွယ် လူငယ်တဦးဟာ မိခင် ဆေးကုဖို့ ဝင်ငွေရှာစဉ် အလားတူ  ပစ္စည်းမှာယူကာ သွားပို့ကာမှ မူပိုင်ခွင့်ဥပဒေနဲ့ ငြိတယ်ဆိုပြီး ဘတ်ငွေ ၅၀၀၀၀ အလျော်တောင်းခံခဲ့ရကြောင်း သိရပါတယ်။ အဆိုပါအမှုမှာ လူငယ်ကလည်း ဘတ် ၁၀၀၀၀နဲ့ ကျေအေးပေးခဲ့ရလို့  မူပိုင်ကိုယ်စားလှယ် အစစ်အမှန် ဟုတ် မဟုတ်၊ လိမ်လည်ငွေညှစ်နည်း ဟုတ်၊ မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးအရေး ယူသင့်တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up