ထားဝယ်မြို့

November 8, 2021

ထားဝယ်မြို့ပေါ်တွင် ဆန်ဆိုင်ပိုင်ရှင်တစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက်လမ်းဆုံအနီးမှာ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ဆန်ဆိုင်ပိုင်ရှင်တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန်အရောင်းဆိုင်ဖွင့်ထားတဲ့ ဦးခင်မောင်အေးနဲ့ သားဖြစ်သူ ကိုဆင်နီတို့  နေအိမ်မှာရှိနေစဉ် အမည်မသိ သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဖခင်ဖြစ်သူ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

"နေ့လယ် ၁ နာရီကျော်လောက်က သေနတ်သံ နှစ်ချက်ကြားလိုက်တယ်။ လူလတ်ပိုင်းနှစ်ယောက်  ဆိုင်ကယ်နဲ့နှာခေါင်းစည်းတပ်ပြီး သေနတ်နဲ့လာပစ်သွားတာ။ ဘယ်အဖွဲ့က ဘာကြောင့်လာပစ်လဲဆိုတာတော့မသိရဘူး။ သူ့ညီ NLD အမာခံတစ်ဦးလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသေးတယ်” လို့ နီးစပ်သူဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အနီးဝန်းကျင်က ပြည်သူတွေကို ရဲစခန်းခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လအတွင်းကလည်း ဦးခင်မောင်အေးရဲ့ ညီဖြစ်သူ NLD အမာခံ ဦးသိန်းလွင်   သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး အခု သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးခင်မောင်အေး ဝမ်းဗိုက်ဒဏ်ရာရ သေဆုံးကာ ကိုဆင်နီကတော့ ခြေထောက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်ပစ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းတွေက ပြုလုပ်ခဲ့တယ်ဆိုတာ တိတိကျကျ မသိရပေမယ့် ဒေသခံတွေကတော့ ပျူစောထီးအဖွဲ့က ပြုလုပ်တာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပေမယ့် ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။

4 weeks Ago

November 4, 2021

ထားဝယ်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာအချို့က ဒေသခံ ၂၀၀ ခန့် ထွက်ပြေးတိမ်းရှောင်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံ PDF တပ်က မိုင်းဆွဲတိုက်ခိုက်လို့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ရာအနီးက ကျေးရွာ ၃ ရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက်အစောပိုင်းက ထားဝယ်မြို့နယ် သစ်ကတိုးကျေးရွာကနေ ဟာမြင်းကြီးကျေးရွာဘက်ကို ဦးတည်သွားတဲ့ စစ်ကောင်စီတပ်ကို ဒေသ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၅ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဒီလို မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သစ်ကတိုးရွားသား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သလို နောက်ထပ် ရွာသာ ၈ ဦးကိုလည်း လူသားဒိုင်းအနေနဲ့ ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဒီလိုဖမ်းဆီးမှုတွေကြောင့် ရွာသားတွေက ကြောက်ရွံ့တဲ့အတွက် သစ်ကဒိုးကျေးရွာ၊ မြင်းခန္တီ ကျေးရွာနဲ့ ရေပုပ်(ခေါ်) လေးအိမ်စုကျေးရွာတွေက ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သစ်ကဒိုးကျေးရွာသား တဦးက ပြောပါတယ်။

“အဓိက တိုက်ပွဲဖြစ်တယ်။ နောက်ဖမ်းဆီးမှုပါ ပါလာတာပေါ့။  ဖမ်းဆီးခံရတာ ၁၀ ကျော်တာပေါ့။ အဓိက ဖမ်းဆီးခံရတာက သစ်ကတိုးရွာက ဖြစ်တယ်။ အဲနေ့က အဲနေရာမှာတိုက်ပွဲဖြစ်တော့ သူတို့ကို ဓားစာခံအနေနဲ့ ဖမ်းသွားတာ။”

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာ ၃ ရွာက လူဦးရေ ၂၀၀ လောက်ဖြစ်ပြီး သူတို့အတွက် အစားသောက်နဲ့ဆေးဝါးလိုအပ်နေတယ်လို့ သူက ပြောပါတယ်။ 

1 month Ago
More News
Up